ပေါက်ခေါင်းမြို့နယ်၌ နွေစပါး ၁၁၈၇၁ ဧက လျာထားစိုက်ပျိုးမည်

ပေါက်ခေါင်း ဖေဖော်ဝါရီ ၃

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ နွေစပါးစိုက်ပျိုးရေးအတွက် တောင်နဝင်းရေလှောင်တမံမှ စိုက်ပျိုးရေများကို ဇန်နဝါရီလ ၁ ရက်နေ့မှစတင်ပြီး စိုက်ပျိုးမြေများသို့ စတင်ဖြန့်ဝေခဲ့ရာ နွေစပါးစိုက်မည့်တောင်သူများသည် မိရိုးဖလာကျွဲ၊ နွားများဖြင့်သော်လည်းကောင်း၊ စက်ကိရိယာလယ်ထွန်စက်များအသုံးပြု၍သော်လည်းကောင်း စိုက်ပျိုးမြေများပြုပြင်ခြင်း၊ ထွန်ယက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြသည်။

တောင်သူများ၏နွေစပါးစိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် မြို့နယ်စိုက်ပျိုးမှုကြီးကြပ်ရေးကော်မတီက စိုက်ပျိုးရေများစောလျင်စွာပေးဝေခဲ့ကြပြီး တောင်သူများအကျိုးစီးပွားတိုးတက်ရရှိနိုင်စေရေးနှင့် နိုင်ငံ့စီးပွားမြှင့်တင်နိုင်ရေးတို့အတွက် ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ပြီး ယခုနှစ်တွင် ပေါက်ခေါင်းမြို့နယ်၌ နွေစပါး ၁၁၈၇၁ ဧက စိုက်ပျိုးထုတ်လုပ်ရန်လျာထားဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီလ ၃၁ ရက်နေ့အထိ ၂၉ ဧကစိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ပေါက်ခေါင်းမြို့နယ်တောင်သူများအနေဖြင့် မိမိတို့ဒေသနှင့်ကိုက်ညီသည့် အထွက်တိုးစပါးမျိုးကောင်းမျိုးသန့်များကို ရွေးချယ်စိုက်ပျိုးကြပြီး ရတနာတိုး၊ ထိုင်းနှံကောက်၊ ဗီယက်နန်နှင့်ရက် ၉၀ စပါးမျိုးများကို ပျိုးထောင်စိုက်နည်းစနစ်၊ Drum Seeder စနစ်တို့ဖြင့် အထွက်နှုန်းတိုးတက်ကောင်းမွန်အောင် စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)