ပေါင်းတည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ အကြိုဟောပြောပွဲ ပုံပြောပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲများ ကျင်းပ

ပေါင်းတည် ဖေဖော်ဝါရီ ၄

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့ နံနက် ၉ နာရီခွဲက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အ​ခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ အကြိုဟောပြောပွဲ၊ ပုံပြောပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲများ ကျင်းပပြုလုပ်သည်။

ဟောပြောပွဲအခမ်းအနား၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမြင့်လှိုင် တက်ရောက်အဖွင့်အမှာစကားပြောကြားပြီး ပြည်ထောင်စုစိတ်ဓာတ်နှင့် မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေးအကြောင်း ဟောပြောသည်။ ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်အေးဆုစံက ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံအကြောင်း ဟောပြောသည်။

ယင်းနောက် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပုံ​ပြင်ပြောပြိုင်နှင့် ပြည်ထောင်စု၏ ပြည့်ခွန်အား ခေါင်းစဉ်ဖြင့် ပန်းချီပြိုင်ပွဲကို ဆက်လက်ကျင်းပရာ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ မူလတန်းအထက်ဆင့်နှင့် အလယ်တန်းဆင့် ကျောင်းသား ကျောင်းသူ ၃၀ ဦး ပါဝင်ယှဉ်ပြိုင်ကြသည်။

ထို့နောက် ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပရာ တာဝန်ရှိသူများက ဆုရရှိသူများအား အသီးသီးဆုချီးမြှင့်ပေးအပ်ခဲ့ကြပြီး အခမ်းအနားသို့ တက်ရောက်လာကြသူများက ပြသထားသော စာအုပ်စာစောင်များနှင့် အသိပညာပေးနံရံကပ်စာစောင်များကို စိတ်ဝင်တစားလေ့လာဖတ်ရှုခဲ့ကြ​ကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲများ ပြုလုပ်ဆောင်ရွက်ရာတွင် မြို့နယ်အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့များနှင့် Book Club အဖွဲ့က ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများအား အကဲဖြတ်အမှတ်ပေးခြင်းနှင့် ပြိုင်ပွဲဝင်အားလုံးကို အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခြင်းများဖြင့် ပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

ရွှေသား