ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

စစ်တွေ ဖေဖော်ဝါရီ ၄

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၅) ကို ယမန်နေ့နံနက်ပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ညှိနှိုင်းအစည်းအဝေးတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ နှင့် ဌာနဆိုင်ရာများအတူတကွ ပူးပေါင်းဆောင်ရွက်နေခြင်းသည် ယခုဆိုလျှင် အစိုးရသက်တမ်းအချိန်ကာလတစ်ခုကို ရောက်ရှိလာပြီဖြစ်သည့်အတွက် လုပ်ငန်းတာဝန်ဆောင်ရွက်မှုများကိုလည်း ကောင်းစွာသိရှိပြီးဖြစ်ကြောင်း၊ ဌာနဆိုင်ရာများ၏ အားထုတ်ကြိုးပမ်းမှုကိုလည်း အသိအမှတ်ပြု သကဲ့သို့ ဆက်လက်ပြီး ကြိုးပမ်းဆောင်ရွက်ကြရန်လည်းလိုကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသအခြေအနေအရ ဝန်ထမ်းများသက်သာချောင်ချိရေးအတွက် ဆန်နှင့်စားသောက်ကုန်ပစ္စည်းများ ချီးမြှင့်ပေးအပ်နေသည့်အပြင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ ဆန်နှင့်စားသောက်ဖွေရာများ ချီးမြှင့်ပေးအပ်ခြင်းများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း၊ အလားတူ ယာယီနေရပ်စွန့်ခွာသူများကိုလည်း ပေးအပ်ကူညီလျက်ရှိကြောင်း၊ ထို့ပြင် စစ်တွေမြို့ပေါ်ရှိ သာသနိကအဆောက် အဦများကိုလည်း ရှေးမူမပျက်ပြုပြင်ထိန်းသိမ်းခြင်းများကိုလည်း ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ရခိုင်ပြည်နယ်အတွင်း လတ်တလောဖြစ်ပေါ်နေသော အခြေအနေများကြောင့် လျှပ်စစ်မီးများပြတ်တောက်ခဲ့ရကြောင်း၊ ထို့ကြောင့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် စစ်တွေမြို့ပေါ်ရှိ ဌာနဆိုင်ရာရုံးများတွင် ရုံးလုပ်ငန်းများ အရှိန်အဟုန်မပျက်ဆက်လက် ဆောင်ရွက်စေရန် 5 KVA မီးစက် ၂၂၁ လုံးကို ဌာန၊ အဖွဲ့အစည်း(၂၂၀)ခုကို ဖြန့်ဖြူးဆောင်ရွက်ပေးခဲ့ကြောင်း၊ ထို့ပြင် ဆိုလာစနစ်ဖြင့်လျှပ်စစ်မီးရရှိစေရန်အတွက် ၂၀၂၄-၂၀၂၅ ခုဘဏ္ဍာရေးနှစ် အထွေထွေပိုလျှံရန်ပုံငွေမှ လောကာနန္ဒာစေတီတော်မြတ်ကြီး၊ အတုလမာရဇိန် ပြည်လုံးချမ်းသာဘုရားကြီး၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ဝန်ကြီးများအိမ်ရာဝင်း၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ရုံးများ၊ အခြေခံပညာကျောင်းများ၊ စစ်တွေဆေးရုံကြီးနှင့် လမ်းမီးတိုင် (၈၀၀) စသည်တို့တွင် လျှပ်စစ်မီးရရှိရေး စီမံဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများအနေဖြင့် ဆိုလာများ လာရောက်တပ်ဆင်စဉ် လိုအပ်သည်များကို ပူးပေါင်းဆောင်ရွက်ပေးကြရန် မှာကြားလိုကြောင်း၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် ဒေသတည်ငြိမ်ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒေသခံပြည်သူများစိုးရိမ်မှုမရှိအောင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အနီးကပ်ပူးပေါင်းပြီး အကောင်းဆုံး ကြိုးစားစီမံဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ပြင် ကုန်စျေးနှုန်းတည်ငြိမ်မှုရှိစေရေး ထိန်းသိမ်းကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း၊ ဆေးဝါးများ၊ စားရေရိက္ခာများနှင့်စက်သုံးဆီ၊ စားဆီများပြတ်လတ်မှုမရှိစေရေးအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဗဟိုကော်မတီ၏ ခွင့်ပြုချက်ဖြင့် ရေလမ်းကြောင်းမှ သယ်ယူပို့ဆောင်ဖြည့်တင်းဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ကြောင့် ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများ၊ အခြားဘာသာရေးကျောင်းများ၊ တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ဝန်ထမ်းများနှင့် ယာယီနေရပ်စွန့်ခွာသူများကို ဆန်၊ စက်သုံးဆီ၊ စားဆီနှင့် စားသောက်ဖွယ်ရာများ ချီးမြှင့်ပေးအပ်လျက်ရှိကြောင်း၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဝန်ထမ်းများသက်သာချောင်ချိအတွက် အတတ်နိုင်ဆုံးစဉ်းစားဆောင်ရွက်ပေးလျက်ရှိပြီး ရုံးများ ဥပဓိရုပ်ကောင်းမွန်စေရေး ဆောင်ရွက်ပေးကြရန် မှာကြားလိုကြောင်း ပြောကြားပြီး နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှာကြားချက်များ အား ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဝန်ထမ်းများအား ဆန်နှင့်စားသောက်ဖွေရာများ ချီးမြှင့်ပေးအပ်နေမှု၊ အခြေခံစားကုန်နှင့် သား၊ ငါး၊ ဟင်းသီးဟင်းရွက်များ သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးနေမှု၊ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ နယ်မြေတည်ငြိမ်အေးချမ်းမှု မရှိသော ဒေသများမှ ဝန်ထမ်းများတာဝန်ထမ်းဆောင်နိုင်ရေးတို့နှင့် စပ်လျဉ်း၍ဆွေးနွေး တင်ပြကြ သည်။

ထို့နောက် ပြည်နယ်တရားလွှတ်တော်၊ ပြည်နယ်သမဝါယမဦးစီးဌာနနှင့် ပြည်နယ်မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနတို့မှ ပြည်နယ်ဦးစီးမှူးများက မိမိတို့ဌာနအလိုက် ဝန်ထမ်းများတာဝန်ထမ်း ဆောင်နေမှု၊ လုပ်ငန်းဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့်အစီအမံများကို ရှင်းလင်းတင်ပြကြပြီး တက်ရောက်လာကြသော ဌာနဆိုင်ရာများက မိမိတို့ဌာနအလိုက် လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်း တင်ပြကြသည်။

တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပြန်လည်မေးမြန်းဆွေးနွေးပေးပြီး ရခိုင်ပြည်နယ် ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက နယ်စပ်ရေးရာဝန်ကြီးဌာနက ပေးအပ်ချီးမြှင့်သည့် 50 W ဆိုလာအစုံ (၁၀၀) နှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ပေးအပ်ချီးမြှင့်သည့် အခြေခံစားကုန်များကို ဌာနဆိုင်ရာများအား ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

တင်ထွန်း (ပြန်/ဆက်)