တောင်တွင်းကြီး ဖေဖော်ဝါရီ ၄
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို မြို့နယ်အဆင့်ပုံပြင်ပြောပြိုင်ပွဲကို ယနေနံနက်ပိုင်းက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဒုတိယမြို့နယ်ဦးစီးမှူး ဒေါ်သင်းသင်းမြတ်က ကျောင်းသား/ကျောင်းသူလူငယ်များအနေဖြင့် စာကြည့်တိုက်သို့ စဉ်ဆက်မပြတ် ဝင်ထွက်သွားလာတက်သည့် အလေ့အထများဖြစ်ပေါ်စေရန်နှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ခြင်း၏ တန်ဖိုးနှင့် အရေးပါပုံ၊ တိုင်းရင်းသားစည်းလုံးညီညွှတ်ခြင်း၏ အနှစ်သာရများ၊ ပြည်ထောင်စုနေ့နှင့်ပတ်သက်သည့် ဗဟုသုတများအား လေ့လာသိရှိနိုင်စေရန်ရည်ရွယ်၍ ယခုကဲ့သို့ ပြိုင်ပွဲများ ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ပုံပြင်ပြောပြိုင်ပွဲကိုကျင်းပရာ တောင်တွင်းကြီးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများမှ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၅)ဦးတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲတွင် ဆုရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများအား အခမ်းအနားဖြင့် ဆုများ ပေးအပ်ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
နောင်နောင် (ဗိဿနိုးမြေ)