ပွင့်ဖြူမြို့နယ်၌ ဆောင်းသီးနှံရာသီက စိုက်ပျိုးခဲ့သည့် ငရုတ်ခြောက်သီးနှံ ၆၈၀ ဧကထိ သိမ်းဆည်းပြီးစီးပြီဖြစ်

ပွင့်ဖြူ ဖေဖော်ဝါရီ ၄

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဆောင်းသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးခဲ့သည့် ငရုတ်ခြောက်သီးနှံ ၆၈၀ ဧကထိ သိမ်းဆည်းပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ပွင့်ဖြူမြို့နယ်၌ ၂၀၂၄ ခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ငရုတ်ခြောက် ၁၃၇၃ ဧက စိုက်ပျိုးရန် လျာထားပြီး ၉၉၂ ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်းသိရသည်။ အဆိုပါ ငရုတ်သီးနှံစိုက်ခင်းများကို ဒေသခံတောင်သူများက ဒီဇင်ဘာလမှ စတင်သိမ်းဆည်းခဲ့ရာ ယနေ့ထိ ငရုတ်သီးနှံ ၆၈၀ ဧက ဆွတ်ခူးသိမ်းဆည်းပြီးစီးပြီဖြစ်ကြောင်း သိရသည်။  

"ပွင့်ဖြူမြို့နယ်အတွင်း ဆောင်းသီးနှံရာသီမှာ ငရုတ်ခြောက် ၁၃၇၃ ဧက လျာထားစိုက်ပျိုးခဲ့ရာ ၉၉၂ ဧက စိုက်ပျိုးနိုင်ခဲ့ပါတယ်။ စိုက်ပျိုးရေအဆင်ပြေတဲ့အတွက် ငရုတ်စိုက်ခင်းတွေက အောင်မြင်ဖြစ်ထွန်းမှု ကောင်းမွန်ခဲ့ပါတယ်။ ငရုပ်သီးနှံက စိုက်ပျိုးပြီး (၂)လခွဲလောက်ဆိုရင်  စတင်ဆွတ်ခူးရပါတယ်။ ဒေသခံတောင်သူတွေက ငရုတ်သီးနှံစိုက်ခင်းများကို ဒီဇင်ဘာလကစပြီး ဆွတ်ခူးသိမ်းဆည်းခဲ့ရာ ဒီနေ့ထိ ငရုတ်ခြောက်စိုက်ဧက ၆၈၀ ဧကထိ ဆွတ်ခူးသိမ်းဆည်းပြီးစီးပြီ ဖြစ်ပါတယ်။ အထွက်နှုန်း အနေနဲ့က တစ်ဧကကို ငရုတ်ခြောက် ပိဿာချိန် ၆၈၀ ပိဿာ ထွက်ရှိပါတယ်။ သိမ်းဆည်းရန် ကျန်ရှိတဲ့ ငရုတ်ခြောက်စိုက်ခင်းများကိုလည်း အထွက်နှုန်းများလျော့နည်းမှုမရှိစေရေး အချိန်မီဆွတ်ခူးသိမ်းဆည်းကြဖို့ တောင်သူပညာပေးတာတွေ ဆောင်ရွက်နေပါတယ်"ဟု ပွင်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြသည်။

ပွင့်ဖြူမြို့နယ်၌ ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် စိုက်ပျိုးရေးဦးစီးဌာနက ဒေသတွင်းရှိ ငရုတ်သီးနှံစိုက်ပျိုး တောင်သူများကို သီးနှံဝင်ငွေတိုးပွားစေရန်နှင့် စားနပ်ရိက္ခာဖူလုံစေရန်အတွက် ဒေသနှင့်ကိုက်ညီပြီး အထွက်နှုန်းကောင်းသော ငရုတ်မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးရေး၊ စိုက်နည်းစနစ်နှင့် စိုက်ပင်အရေအတွက် ပြည့်မီအောင်စိုက်ပျိုးနိုင်ရေး၊ ထွက်ရှိလာသော ငရုတ်သီးနှံများ အစားအစာ ဘေးကင်းလုံခြုံမှုရှိစေရေးအတွက် သဘာဝမြေဩဇာနှင့် သဘာဝစိုက်ပျိုးရေး သွင်းအားစုများကိုယ်တိုင်ထုတ်လုပ် သုံးစွဲနိုင်ရေးစသည့် စိုက်ပျိုးရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများကို ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့သဖြင့် ငရုတ်သီးနှံစိုက်ခင်းများမှာ အောင်မြင်ဖြစ်ထွန်းမှုရှိပြီး ယခင်နှစ်ကထက် ငရုတ်သီး အထွက်နှုန်းများ ကောင်းမွန်ခဲ့ကြောင်း သိရသည်။

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )