သာယာဝတီမြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

သာယာဝတီ ဖေဖော်ဝါရီ ၄

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများအား ဆောင်ရွက်လျက်ရှိရာ ပြည်သူများမီးဘေးအန္တရာယ်ကင်းဝေးပြီး မီးလောင်မှုကြောင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ ပျက်စီးဆုံးရှုံးမှုမရှိစေရေးအတွက် တစ်အိမ်တက်ဆင်းစစ်ဆေးခြင်းနှင့် အသိပညာ‌ပေးခြင်းလုပ်ငန်းများကို ယမန်နေ့နံနက် ၉ နာရီက မြို့ပေါ်ရပ်ကွက်အတွင်း ကွင်းဆင်းဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးခင်မောင်လတ်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များပူးပေါင်း၍ နေအိမ်များတွင် မီးကိုစနစ်တကျအသုံးပြုကြရန်၊ ရှေးဦးမီးငြှိမ်းသတ်ရေးပစ္စည်းကိရိယာများနှင့် မီးသတ်ဆေးဗူးများအသင့်ထားရှိနိုင်ရေး၊ လျှပ်စစ်သုံးစွဲရာတွင်ကောင်းမွန်သောဝါယာကြိုးများတပ်ဆင်အသုံးပြုနိုင်ရေး၊ မီးလောင်လွယ်သောအမှိုက်များအားရှင်းလင်းဆောင်ရွက်နိုင်‌ရေးတို့ကိုစစ်ဆေး၍ မီးလောင်မှုများမဖြစ်ပေါ်စေရေးအတွက် ဆောင်ရန်၊ ရှောင်ရန်အချက်များကို နေအိမ်များရှိပြည်သူများအား အသိပညာပေးရှင်းလင်းပြောကြားခဲ့သည်။

မြို့နယ်မီးသတ်ဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် မီးဘေးအန္တရာယ်မဖြစ်ပေါ်စေရေး မီးဘေးလုံခြုံရေးလုပ်ငန်းများကို အလှည့်ကျတစ်အိမ်တက်ဆင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မီးသတ်ယာဥ်ဖြင့် အသိပေးနှိုးဆော်ခြင်းနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး သရုပ်ပြသခြင်းလုပ်ငန်းများကိုလည်း စဥ်ဆက်မပြတ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သန့်ဇော် (ပြန်/ဆက်)