ပခုက္ကူ ဖေဖော်ဝါရီ ၄
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူဈေးကွက်အတွင်း တင်ပို့ရောင်းချသည့် ကြက်သွန်နီတစ်ပိဿာလျှင် အများဆုံးငွေကျပ် နှစ်ထောင်ငါးရာကျော်အထိ ဈေးနှုန်းရရှိလျက်ရှိကြောင်း ကြက်သွန်စိုက်တောင်သူများထံက သိရသည်။
မြန်မာ့ထွက်ကုန်ဖြစ်သည့် ကြက်သွန်နီများကို ပခုက္ကူမြို့နယ်နှင့် ဆိပ်ဖြူမြို့နယ်အတွင်းရှိ ကျေးရွာများမှ တောင်သူများထံက အများဆုံးဝင်ရောက်လာကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း ကြက်သွန်ဝင်ရောက်မှုပျမ်းမျှပိဿာချိန်ပေါင်း အများဆုံး ၁၃၀,၀၀၀/-ကနေ ၄၀,၀၀၀/- ခန့်အထိ နေ့စဉ်ဝင်ရောက်လျက်ရှိကြောင်း၊ ဇန်နဝါရီလပိုင်းကာလများ၌ ကြက်သွန်နီတစ်ပိဿာကို အများဆုံး ၂,၈၀၀/-ကျပ်အထိရှိခဲ့ပြီး လက်ရှိတွင် ငွေကျပ်၅၀၀/- မှ ၂,၅၀၀/- ခန့်အထိဈေးနှုန်းရရှိကြောင်း၊ ပြည်တွင်းဝယ်ယူစားသုံးမှုနှင့် ပြည်ပနိုင်ငံများထံ တင်ပို့ရောင်းချနိုင်မှုအခြေအနေတို့ပေါ်မူတည်ပြီး ကြက်သွန်ဈေးအတက်အကျရှိကြောင်း ပခုက္ကူကုန်စည်ဒိုင်ထံက သိရသည်။
မြန်မာ့ထွက်ကုန်ကြက်သွန်မှာ ပြည်တွင်းစားသုံးမှုဖူလုံရုံသာမက ပြည်ပနိုင်ငံများကိုလည်း တင်ပို့ရောင်းချနေရကြောင်း၊ ကြက်သွန်ကို မန္တလေး၊ စစ်ကိုင်းနှင့် မကွေးတိုင်းဒေသကြီးတို့တွင် အများဆုံးစိုက်ပျိုးလုပ်ကိုင်ကြပြီး အညာဒေသကျေးရွာများရှိ သဲချောင်းနေရာများနှင့် မြစ်ကမ်းနံဘေးရှိ ကျွန်းမြေနေရာတို့တွင် အဓိကစိုက်ပျိုးကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)