ပခုက္ကူမြို့၌ ပွင့်လင်းရာသီရောက်ရှိလာသည်နှင့်အညီ မြန်မာ့လက်မှုထည် မြေသောက်ရေအိုးများ အရောင်းသွက်လာ

ပခုက္ကူ ဖေဖော်ဝါရီ ၄

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ ပွင့်လင်းရာသီရောက်ရှိလာသည်နှင့်အညီ မြန်မာ့လက်မှုထည် မြေသောက်ရေအိုးများ အရောင်းသွက်လာကြောင်း မြို့ပေါ်အိုးရောင်းဝယ်သူများထံက သိရသည်။

“ပခုက္ကူမြို့နယ်အတွင်းရှိ ကျေးရွာများတွင် မိရိုးဖလာအိုးဖုတ်လုပ်ငန်းလုပ်ကိုင်သူများရှိသလို မြို့ပေါ်ရပ်ကွက်များတွင်လည်း ဘိုးဘွားအစဉ်အဆက်ကတည်းက အိုးရောင်းဝယ်ရေးလုပ်ငန်းလုပ်ကိုင်သူများလည်းရှိပါတယ်၊ ကျွန်တော်တို့ဆိုင်က အိုးတွေကတော့ ပခုက္ကူမြို့နယ်၊ မြိုင်မြို့နယ်နှင့် ပုဂံ-ညောင်ဦးဒေသတွေထဲက အိုးဖုတ်သည်တွေဆီကနေတစ်ဆင့် ဖောက်သည်မှာ ယူရောင်းချရသလို တချို့ကျေးရွာတွေက လာရောက်ရောင်းချတဲ့အိုးသည်တွေဆီကဝယ်ယူပြီး ပြန်လည်ရောင်းချတာလည်းရှိပါတယ်၊ မိုးရာသီကာလတုန်းကဆို အိုးတွေမရောင်းရသလောက်ပါပဲ၊ လက်ရှိကတော့ ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်တဲ့အတွက် ကျေးရွာများကအိုးလုပ်ငန်းသည်တွေ မြို့ပေါ်ဈေးကွက်ဆီကို လာရောက်ရောင်းချနေကြပါပြီ၊ ပခုက္ကူမြို့ကလည်း ပူပြင်းတဲ့အညာဒေသဖြစ်တာကြောင့် နွေရာသီကာလမှာ ရေအေးအေးတွေသောက်ချင်ကြတာကြောင့် သောက်ရေအိုးတွေအများဆုံးရောင်းချရပါတယ်၊ မြေသောက်ရေအိုးကို အရွယ်အစားအပါ်မူတည်ပြီး တစ်လုံးလျှင် ငွေကျပ် ၁,၅၀၀/-မှ ၃,၅၀၀/- ခန့်ဈေးနှုန်းရှိပါတယ်”ဟု ပခုက္ကူမြို့၊ အမှတ်(၁၂)ရပ်ကွက်၊ ဗိုလ်ချုပ်ဈေးတွင် အိုးရောင်းဝယ်ရေးလုပ်ကိုင်သူ ဦးဖိုးချမ်းက ပြောပြသည်။

ပခုက္ကူမြို့နယ်၊ ကျေးရွာများမှ မြေအိုးနှင့်သဲအိုးတစ်ပိုင်တစ်နိုင်လုပ်ကိုင်သူများအနေဖြင့် မြို့ပေါ်ဈေးများနှင့်ရပ်ကွက်များအတွင်း လှည့်လည်ရောင်းချကြရာ နေ့စဉ်အိုးလုံးရေ ၁၀ ခန့်ရောင်းချနေရကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)