မကွေးတိုင်းဒေသကြီး အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် အခမ်း အနားသို့ လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေး တက်ရောက်၍ မသန်စွမ်း ထောက်ပံ့ ပစ္စည်းများ ပေးအပ်

မကွေး     ဒီဇင်ဘာ     ၄

မကွေးတိုင်းဒေသကြီး မကွေးမူလတန်းကြိုကျောင်းတွင် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူ များနေ့ အထိမ်းအမှတ် အခမ်းအနားကို ဒီဇင်ဘာလ ၃ ရက် ယနေ့ နံနက် ၁၀ နာရီခွဲက ကျင်းပရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေး တက်ရောက်၍ အားပေးစကား ပြောကြားကာ မသန်စွမ်းထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာ ခင်မောင်အေးက အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ကို ၁၉၉၄ ခုနှစ်က စတင်ပြီး နှစ်စဉ် ဒီဇင်ဘာလ (၃)ရက်နေ့ မှာ အစဉ်အလာမပျက် ဂုဏ်ပြုကျင်းပခဲ့တာဖြစ်ပြီး အခု ၂၀၂၀ ပြည့်နှစ်မှာ(၂၇)ကြိမ် ပြည့်မြောက်ခဲ့ပြီ ဖြစ်ကြောင်း၊မသန်စွမ်းသူတွေရဲ့ ဘဝမှာခံစားကြုံတွေ့ရတဲ့ အခက်အခဲ အတားအဆီးများဟာ သူတို့ရဲ့ မပြည့်စုံမှုကြောင့်မဟုတ်ဘဲ သူတို့ရဲ့ပတ်ဝန်းကျင်မှာ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အတားအဆီးတွေ ကြောင့်သာဖြစ်ကြောင်း၊ ဒါ့ကြောင့် မသန်စွမ်းသူတွေနဲ့ ပတ်သက်တဲ့ အရေးကိစ္စဟာ လူမှုရေးလုပ်ငန်း ပရဟိတလုပ်ငန်းတွေနဲ့သာ သက်ဆိုင်တဲ့ကိစ္စ မဟုတ်တော့ဘဲ လူ့အသိုင်းအဝန်း လူ့အဖွဲ့အစည်း တစ်ရပ်လုံးနဲ့ သက်ဆိုင်တဲ့ လူမှုဖွံ့ဖြိုးရေး ကိစ္စတစ်ရပ်အဖြစ် ဆောင်ရွက်သွားရမှာ ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုသည် တစ်ကမ္ဘာလုံးအတိုင်းအတာအဖြစ် ကူးစက်ပြန့်နှံသော ကပ်ရောဂါ အဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က(၁၂-၃-၂၀၂၀)ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ပါတယ်၊ ဒါကြောင့် မြန်မာနိုငံကလည်း ရေရှည်မှာ နိုင်ငံသားများအပေါ် ရိုက်ခတ်လာတဲ့ အကျိုးဆက်တွေကို လျော့နည်း စေရေးနဲ့ ကိုဗစ်-၁၉ ရဲ့ အကျိုးဆက်တွေကြောင့် ကဏ္ဍပေါင်းစုံမျာ ထိခိုက်နစ်နာမှုတွေ ကြုံတွေ့ရမှု အပေါ် ဆောင်ရွက်သင့်သည်များ ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင် ကာ ဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၂၀ ပြည့် ယခုနှစ် ဆောင်ပုဒ်ဖြစ်တဲ့ Building Back Better: toward a disability- inclusive, accessible and sustainable post COVID-19 World ဖြစ်ပြီး ပိုမိုကောင်းမွန်သည့် ကိုဗစ်-၁၉ အလွန် ကမ္ဘာတည်ဆောက်ဖို့ မသန်စွမ်းသူများ လက်လှမ်း မီပါဝင်ပြီး ရေရှည်တည်တံ့စေရန် ကြိုးစားစို့ ဆောင်ပုဒ်နှင့်အညီ မသန်စွမ်းသူများနှင့်အတူ ကိုဗစ်-၁၉ အလွန် ရေရှည်တည်တံ့သော လူသားအားလုံးအတွက် လှပတဲ့ ကမ္ဘာမြေဆီသို့ မသန်စွမ်းသူများနဲ့အတူ လက်တွဲ ညီညီလျှောက်လှမ်းကြပါစို့ဟု တိုက်တွန်းပြောကြားသည်။

ဆက်လက်၍ လူမှုဝန်ထမ်းဦးစီးဌာနမှ တိုင်းဒေသကြီး ညွှန်ကြားရေးမှူး ဒေါ်နန္ဒာနွယ်ဟန် က ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ထံမှ ပေးပို့သော သဝဏ်လွှာကို ဖတ်ကြားခဲ့ပြီး၊ မကွေးတိုင်း ဒေသကြီး မသန်စွမ်းသူများအသင်းချုပ် ဥက္ကဌ ဦးထူးအောင်က  အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများ နေ့ အခမ်းအနား ကျင်းပပြုလုပ်ခြင်း ရည်ရွယ်ချက်နှင့် ကျေးဇူးတင်ဝမ်းမြောက်စကားပြောကြားကာ တက်ရောက်လာသည့် မသန်စွမ်းသူများအား လူမှုရေးဝန်ကြီး ဒေါက်တာ ခင်မောင်အေးနှင့် တာဝန်ရှိသူ တို့က ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကြသည်။

အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် အခမ်းအနားကို မသန်စွမ်းသူများ၏ အရေးကို လျစ်လျူရှု၍ မရဘူးဆိုတာ သိရှိစေပြီး မသန်စွမ်းသူများ၏ လူမှုရေး စီးပွားရေး၊နိုင်ငံရေး၊ ယဉ်ကျေးမှုဘဝများတွင် မသန်စွမ်းသူများအပေါ် ပိုမိုနားလည်မှု တိုးလာစေရန်နှင့် အခွင့်အရေးများ အပြည့်အ၀ ရှိစေရန် ရည်ရွယ်ပြီး အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် အခမ်း အနားများကို နှစ်စဉ်ကျင်းပခဲ့တာဖြစ်ကြောင်း သိရသည်။

သန်းနိုင်ဦး(ငဖဲ)