မကွေး ဖေဖော်ဝါရီ ၄
ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူစွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ သူနာပြုနှင့် သားဖွားသင်တန်းကျောင်း(မကွေး)၏ အပါတ်စဉ်(၃ဝ)၊ ပထမနှစ် သူနာပြု-သားဖွားဒီပလိုမာ (၃)နှစ်သင်တန်း မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အဆိုပါသင်တန်းကျောင်းရှိ မြတ်ပညာခန်းမ၌ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် သင်တန်းကျောင်းမှ ဆရာ/ဆရာမများ၊ သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ သင်တန်းသား/သင်တန်းသူများမှ “ကရုဏာအလင်း” သီချင်းဖြင့် ဖျော်ဖြေတင်ဆက်ပြီး မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က အမှာစကားပြောကြားရာတွင် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊ သူနာပြုနှင့် သားဖွားသင်တန်းကျောင်းကို ၁၉၉၄ ခုနှစ်၊ ဇူလိုင်လ (၁)ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး သူနာပြု-သားဖွားဒီပလိုမာ (၃)နှစ်သင်တန်းကို သင်ကြားပို့ချပေးခဲ့ရာ ယခုဆိုလျှင် သင်တန်းအပတ်စဉ် (၃၀)သို့ ရောက်ရှိပြီဖြစ်သည်ကို သိရှိရပါကြောင်း၊ နိုင်ငံတော်၏ ကျန်းမာရေးလူ့စွမ်းအရင်းအမြစ်များ ထပ်မံမွေးထုတ်ရန်အတွက် ယခု ၂၀၂၅ ခုနှစ်မှာ သူနာပြုသင်တန်းသား၊ သင်တန်းသူ (၁၁၀)ဦးတို့ကို ထပ်မံ၍ သူနာပြုစုမှုနှင့် သားဖွားခြင်းအတတ်ပညာများကို သင်ကြားပို့ချပေးသွားမှာဖြစ်ပါကြောင်း၊ ပြည်သူအားလုံး ကျန်းမာကြံ့ခိုင်ရေးအတွက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ရာမှာ သူနာပြုများ၏ အခန်းကဏ္ဍသည် အလွန်ပင်အရေးကြီးလှပါကြောင်း၊ ပြည်သူ့အကျိုးပြု သူနာပြုကောင်းများဖြစ်အောင် ယခုအချိန်ကစပြီး စာတွေ့လက်တွေ့ကို စဉ်ဆက်မပြတ် ဆည်းပူးလေ့လာနေရန်လိုအပ်ပါကြောင်း၊ သစ်လွင်သင်တန်းသား၊ သင်တန်းသူများအနေဖြင့် ဘာသာရပ်တိုင်းကို စာတွေ့၊ လက်တွေ့ လေ့လာ၍ ကျွမ်းကျင်သော သူနာပြုကောင်းများဖြစ်စေရန် ကြိုးစားရန်တိုက်တွန်းလိုပါကြောင်း၊ သူနာပြုသားဖွားဆိုင်ရာ ကျင့်ဝတ်သိက္ခာများကို တန်ဖိုးထား၍ ပြည်သူလူထုအား အရည်အသွေးပြည့်ဝသော ကျန်းမာရေးစောင့်ရှောက်မှုကို မဆုတ်မနစ် အပြည့်အဝ ဆောင်ရွက်မည့် ကျန်းမာရေးလူ့စွမ်းအားစုများဖြစ်သည့် သူနာပြုနှင့် သားဖွားသင်တန်းသား၊ သင်တန်းသူများကို လိုအပ်ချက်နှင့်အညီ ပြည်တွင်း၌ လေ့ကျင့်မွေးထုတ်ပေးရန်နှင့် လိုအပ်ချက်များ ပြည့်မှီစေရန် နိုင်ငံတော်အစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့တို့မှ အထူးကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျန်းမာရေးပြုစုစောင့်ရှောက်မှုပေးနေသည့် အရည်အသွေး၊ အဆင့်အတန်းပြောင်းလဲတိုးတက်လာရန် ဆေးဘက်ဆိုင်ရာဝန်ထမ်းများအချင်းချင်း အပြန်အလှန် လေးစားစွာ အတူပူးပေါင်းဆောင်ရွက်ကြပြီး ပြည်သူတွေ၊ လူနာတွေ၏အသံ၊ အကြံပြုချက်တွေကို အထူးဂရုစိုက် အလေးထားပြီး လူတိုင်းလက်လှမ်းမှီသည့် ကျန်းမာရေးကို စောင့်ရှောက်မှုပေးနိုင်သည့်သူများဖြစ်အောင် ကြိုးစားကြစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် မကွေးတိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးမှ ကြိုဆိုနှုတ်ဆက်စကားပြောကြားပြီး အပတ်စဉ် (၃၀) သစ်လွင်သူနာပြုသင်တန်းသား/သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ သင်တန်းသူများမှ “ဗမာမလေးပါရှင့်” သီချင်းဖြင့်လည်းကောင်း၊ “အလှပန်းဝေ လယ်တောမြေ ” သီချင်းဖြင့်လည်းကောင်း အသီးသီး ဖျော်ဖြေတင်ဆက်ခဲ့ကြောင်းနှင့် ဖျော်ဖြေရေးအဖွဲ့များအား တိုင်းဒေသကြီးဝန်ကြီးချုပ်က ဂုဏ်ပြုချီးမြင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
မောင်ညီညာ