ရွှေကျင် ဖေဖော်ဝါရီ ၄
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ် ဝဲကြီးကျေးရွာ အခြေခံပညာမူလတန်း(လွန်)ကျောင်းတွင် အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြသခြင်းကို ယနေ့ နံနက် (၁၀) နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ရီရီသန့်က အဖွင့်အမှာစကား ပြောကြားပြီး ရွှေကျင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးမျိုးငြိမ်းက စာပေဖတ်ရှုခြင်း၏ အကျိုးကျေးဇူးအကြောင်းနှင့် လူကုန်ကူးမှုအန္တရာယ် ခေါင်းစဥ်ဖြင့် အကျယ်တဝင့် ဟောပြောပေးခဲ့သည်။
ဆက်လက်ပြီး ဒေါ်မို့မို့သွင်(ရုပ်သံကျွမ်းကျင်-၃)က မူးယစ်ဆေးဝါး၏ဆိုးကျိုးများ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဆေးလိပ်/ကွမ်းယာ/အရက် သောက်သုံးခြင်းများ၏ အန္တရာယ်ခေါင်းစဉ်များဖြင့်လည်းကောင်း ဟောပြောခဲ့သည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား အသိပညာ ဗဟုသုတ ရရှိစေရေးအတွက် မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် သိကောင်းစရာ အသိပညာပေး နံရံကပ်စာစောင်များ၊ သုတ၊ ရသ စာအုပ်၊ စာစောင်များအား ပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုကြကြောင်း သိရသည်။
ထွန်းထွန်းဇော်(ပြန်/ဆက်)