ကန့်ဘလူ ဖေဖော်ဝါရီ ၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တွင် ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးတိုးတက်ရေးအစီအစဥ်ဖြင့် အခြေခံပညာကျောင်းများတွင် ပညာသင်ကြားသင်ယူနေသည့် KG ကျောင်းသား၊ ကျောင်းသူ ၁၆၅၆ ဦးအား တတိယအကြိမ်အဖြစ် အာဟာရကျွေးမွေးခြင်းကို ယမန်နေ့နံနက် ၁၁ နာရီက အမှတ်(၂)အခြေခံပညာမူလတန်းလွန်ကျောင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ကျောင်းတွင်းအာဟာရကျွေးမွေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန ခုတင် ၁၀၀ ဆေးရုံအုပ်ကြီး ဒေါက်တာနေမိုးနှင့်ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်ပညာ ရေးမှူးနှင့် တာဝန်ရှိသူများက အဆိုပါကျောင်းတွင် ပညာသင်ကြားနေသည့် KG ကျောင်းသားကျောင်းသူ ၄၃ ဦးတို့အား အစာအာဟာရသုံးအုပ်စုတွင်ပါဝင်သော ထမင်းဆီစမ်း၊ ကြက်ဥ၊ ရွှေဖရုံသီးချက်၊ ကုလားပဲနှပ်၊ ကြက်သွန်ဖြူ၊ ငှက်ပျောသီးတို့ကို နံနက်စာအဖြစ် ကျွေးမွေးခဲ့သည်။
ကျောင်းသားကျောင်းသူလေးများ၏ ကာယဉာဏဖွံ့ဖြိုးတိုးတက်ရေးအတွက် အစာအာဟာရများကို သင့်တင့်မျှတစွာ စားသုံးနိုင်ရေးနှင့် ကျန်းမာသန်စွမ်းသော ကလေးငယ်များဖြစ်လာစေရေး ဖြည့်စွက်အစာများကို ကျွေးမွေးခြင်းဖြစ်ပြီး ကျန်ကျောင်းများရှိ KG ကျောင်းသား၊ ကျောင်းသူများကိုလည်း ဆက်လက်ကျွေးမွေးမည်ဖြစ်ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)