ပုလဲ ဒီဇင်ဘာ ၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင် ၊ ပုလဲမြို့နယ်၊ ကျေးသမျှားကျေးရွာ ၊ တောင်သူ ဦးမောင်တင့်၏ကွင်းအမှတ် ၁၀၅၁-ခ၊ ဦးပိုင်အမှတ်၈၁၊ လယ်ယာမြေပေါ်၌ မိုးစပါးဧရာမင်း စံကွက်ရိတ်သိမ်းခြင်း တောင်သူကွင်းသရုပ်ပြပွဲနှင့် တောင်သူပညာပေး ဆွေးနွေးပွဲကို ဒီဇင်ဘာ ၃ရက်၊ နံနက် ၁၀နာရီက ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပုလဲမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဇော်ဝင်းစိုးက “တောင်သူများ အနေနဲ့တစ်ဧက အထွက် နှုန်းမိတ်ဖတ်များဖြစ်တဲ့ ကောက်ကွက် ပြည့်မီစေရေး၊ အောင်နှံပင်ပွား တိုးပွားရေး၊ တစ်နှံပါ အောင်စေ့တိုးပွားမှုအခြေအနေများကို သိရှိနိုင်စေရေးနဲ့ ဧရာမင်း မိုးစပါး စိုက်ကွက်ရဲ့ တစ်ဧက အထွက်နှုန်းကို သိရှိနိုင်စေရေး အတွက် ရည်ရွယ်ပြီး မိုးစပါးမျိုးစေ့ထုတ် စံကွက်ရိတ်သိမ်းခြင်းကို ဆောင်ရွက်ခဲ့ပါတယ်။ ဧရာမင်းမိုးစပါးစံကွက်ရိတ်သိမ်းပွဲသို့ တက်ရောက်လေ့လာတဲ့ တောင်သူများ အား ခရိုင်စိုက်ပျိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြတ်မိုးဝင်းနှင့် တာဝန်ရှိသူများက စပါးဖြုတ်ပိုး ကျရောက်မှုမှ ကြိုတင် ကာကွယ်နိုင်ရေးအတွက် စပါးခင်းအတွင်း ကြိုတင် ကင်းထောက် မှတ်တမ်း ရယူရန်၊ ပေါင်းမြက်များ မပြတ်ရှင်းလင်းရန်၊ စပါးခင်းများအတွက် အကျိုးပြုသည့် မိတ်ဆွေပိုးများ သေဆုံးပျက်စီးမှု မရှိ စေရေးအတွက် လိုအပ်ချက် မရှိပါက ပိုးသတ်ဆေး မသုံးစွဲရေးနှင့် မိမိတို့စပါးခင်းအတွင်း ဖြုတ်ပိုးကျရောက်မှုရှိပါက ခရိုင်/မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနနှင့် နီးစပ်ရာ တောင်သူနည်းပညာပြန့်ပွားရေး စင်တာများသို့ အချိန်နှင့်တပြေးညီ သတင်းပေးပို့ရန်တို့ကို ဆွေးနွေးခဲ့ပါတယ်” ဟု ပြောကြားခဲ့သည်။
အဆိုပါ တောင်သူဦးမောင်တင့်၏ လယ်ယာမြေပေါ်၌ စိုက်ပျိုးထားရှိသော ဧရာမင်းမိုးစပါးစိုက်ကွက်ကို စပါးရိတ်သိမ်းခြွေလှေ့ စက်ဖြင့် စံကွက်ရိတ်သိမ်းရာ တစ်ဧကလျှင် စပါးအစို၈၀တင်း ထွက်ရှိခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မြင့်သိန်းစိုး(ပြန်/ဆက်)