ပိုင်ကျုံ ဖေဖော်ဝါရီ ၄
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့နယ်၊ မိုးနိုင်းကျေးရွာအုပ်စုသို့ ယနေ့နံနက်ပိုင်းက မြို့မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက ကွင်းဆင်း၍ ကျွဲ၊ နွား မွေးမြူထားရှိသော တောင်သူများနှင့် တွေ့ဆုံကာ ကျွဲ၊ နွားများနှင့်ပတ်သက်သည့် ကူးစက်ရောဂါကာကွယ် ထိန်းချုပ်ရေးဆိုင်ရာများနှင့် စပ်လျဉ်း၍ အသိပညာပေးဟောပြောခြင်းနှင့် ကျွဲ၊ နွားများအား ကာကွယ်ဆေးထိုးနှံပေးခြင်းတို့ ဆောင်ရွက်ခဲ့ကြသည်။
အသိပညာပေးဟောပြောရာတွင် မြို့မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဦးကျော်ဆန်းလင်းက ကျွဲ၊ နွားများတွင် ဖြစ်တတ်သော ကူးစက် ရောဂါများအကြောင်း၊ ၎င်းကူးစက်ရောဂါများအား ကာကွယ်ထိန်းချုပ်ခြင်းနည်းလမ်းများအကြောင်းတို့အား အကျယ်တဝင့် ဟောပြော အသိပညာပေးခဲ့ပြီး ဒေသတွင်းရှိ ကျွဲ၊ နွားများအား ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ပိုင်ကျုံမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများသည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အဓိကထားလုပ်ကိုင်ကြသည့်အပြင် စိုက်ပျိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အထောက်အကူဖြစ်စေရေးနှင့် မိသားစုအပိုဝင်ငွေရရှိရေးအတွက် မွေးမြူရေးလုပ်ငန်းများကိုလည်း တွဲဖက်၍ လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။
နော်ခူး(ပြန်/ဆက်)