ပြည် ဖေဖော်ဝါရီ ၄
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ ဆုံစည်းရာစာဖတ်ဝိုင်းအဖွဲ့မှ ပခုက္ကူစာပေဆုနှင့် ၂၀၂၃ ခုနှစ်၊ စာပေဗိမာန်စာမူဆုရရှိသူ စာရေးဆရာများအား ဂုဏ်ပြုသည့် အခမ်းအနားကို ယမန်နေ့က ပြည်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး (Community Centre) ခန်းမ၌ ကျင်းပခဲ့ရာ အဆိုပါအဖွဲ့မှ နာယကများနှင့် မြို့နယ်စာရေးဆရာအသင်းအဖွဲ့ဝင် စာရေးဆရာများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ရှေးဦးစွာ ပြည်မြို့နယ်စာရေး ဆရာအသင်းဥက္ကဋ္ဌကိုယ်စား စည်းရုံးရေးမှူး ဒေါ်ခင်နှင်းဆီရွှေ၊ ပြည်မြို့ ဆုံစည်းရာစာဖတ်ဝိုင်းအဖွဲ့နာယက ပါမောက္ခဦးကြည်နှင့် ပြည်ခရိုင် ပြန်ကြားရေးပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ဦးစီးအရာရှိ ဦးအောင်ကိုသန့်တို့က ဆုရ စာရေးဆရာများအတွက် ဂုဏ်ပြုမုဒိတာစကားများ ပြောကြားသည်။
ထို့နောက် ၂၀၂၃ ခုနှစ်၊ စာပေဗိမာန် ကလေးစာပေပထမဆုရ စာရေးဆရာ ကနောင်နိုင်နွယ်ဦး (ဦးဝိသာလ) နှင့် အကြိမ်(၃၀)မြောက် ပခုက္ကူဦးအုံးဖေ စာပေပထမဆုရ ပြည်မြို့နယ် စာရေးဆရာအသင်းအဖွဲ့ဝင် စာရေးဆရာမာန်သစ်ငြိမ်း (ရှေးဟောင်းသုတေသန) တို့အား ဆုံစည်းရာစာဖတ်ဝိုင်းမှ တာဝန်ရှိသူများက ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့သည်။ ဆုံစည်းရာစာဖတ်ဝိုင်းအဖွဲ့မှ စာရေးဆရာများသည် ပြည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနှင့်ပူးပေါင်း၍ လစဉ်စာဖတ်ဝိုင်းများပြုလုပ်၍ စာပေးရေးရာများ ဆွေးနွေးခြင်းနှင့် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူငယ်အသိပညာပေး ဟောပြောပွဲများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပြည်ခရိုင်(ပြန်/ဆက်)