ပန်းတောင်းမြို့နယ် အခြေခံပညာကျောင်းများသို့ နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်ပြပွဲ၊ ဓာတ်ပုံပြပွဲနှင့် အသိပညာပေးဟောပြောပွဲလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ပန်းတောင်း ဖေဖော်ဝါရီ ၄   

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့ နံနက် (၉) နာရီအချိန်က အ.ထ.က ဥသျှစ်ပင်ကျောင်းနှင့် အ.မ.က ယင်းရွာ ကျောင်းသို့ နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်ပြပွဲ၊ ဓာတ်ပုံပြပွဲနှင့် အသိပညာပေးဟောပြောပွဲလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

အသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်သင်းသင်းအေးက ဗလငါးတန်နှင့်ပြည့်စုံသော လူတော်၊ လူကောင်းများ ပေါ်ထွန်းလာစေရန် ကျောင်းစာအပြင် ပြင်ပဗဟုသုတရရှိစေမည့် စာအုပ်စာပေများကို လေ့လာဖတ်ရှု မှတ်သားကြရန်၊ တိုးတက်လာသော ခေတ်ရေစီးကြောင်းနှင့်အညီ အင်တာနက်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် အင်တာနက်အသုံးပြုမှု၏ ဆိုးကျိုးအန္တရာယ်များကို အသိပညာပေး ဟောပြောခဲ့သည်။

ထို့နောက် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန ဦးစီးအရာရှိဒေါ်သန်းသန်းအေးက စားသုံးသူအခွင့်အရေးများနှင့် ဥပဒေများအကြောင်း အသိပညာပေးဟောပြောခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများအား ရုပ်ပြပုံပြင်များပြောခြင်း၊ ကိုယ်ကာယ လှုပ်ရှားမှု Activity လုပ်ငန်းစဥ်များ လိုက်ပါဆောင်ရွက်စေခြင်းများ ပြုလုပ်ခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့်၊ စာအုပ်စာစောင်များ၊ ကလေးအလုပ်သမားပပျောက်ရေး နံရံကပ်စာစောင်များကို ကျောင်းသား/သူ များက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

လပြည့်လင်း(ပြန်/ဆက်)