ပဲခူးတိုင်းဒေသကြီး (အရှေ့) တောင်ငူမြို့နယ် သံဃာ့အဖွဲ့အစည်းအဆင့်ဆင့် အနားယူ၊ အစားထိုးရွေးချယ်ခြင်းနှင့် ပြန်လည်ရွေးချယ်ခြင်း အခမ်းအနားကျင်းပ

တောင်ငူ ဖေဖော်ဝါရီ ၄

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ ရှေးဟောင်းသမိုင်းဝင် ရွှေဆံတော်စေတီတော်မြတ်ကြီး၊ ဂန္တဝင်ကိုးခန်းသိမ်တော်ကြီး၌ တောင်ငူမြို့နယ် သံဃာ့အဖွဲ့အစည်းအဆင့်ဆင့် အနားယူ၊ အစားထိုးရွေးချယ်ခြင်းနှင့် ပြန်လည်ရွေးချယ်ခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပသည်။

ဦးစွာအခမ်းအနားအား  နမောတဿသုံးကြိမ်ရွတ်ဆို၍ အစည်းအဝေးအား ဖွင့်လှစ်သည်။ ထို့နောက် အခမ်းအနားမှူးဆရာတော်က အစည်းအဝေးသို့ ကြွရောက်တော်မူလာကြသော မြို့နယ်သံဃာ့ဝန်ဆောင်ဆရာတော်များ၏ အရေအတွက်ကို ဖတ်ကြားလျှောက်ထားပြီး အစည်းအဝေးအထမြောက် အောင်မြင်ကြောင်းကြေညာ၍ အစည်းအဝေးသဘာပတိ ဆရာတော်က အစည်းအဝေးဖွင့် သြဝါဒကထာမြွက်ကြားသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်လင်းအောင်က သာသနာရေးဆိုင်ရာများကို လျှောက်ထားပြီး အခမ်းအနားမှူး ဆရာတော်က အနားယူခြင်းဆိုင်ရာလုပ်ငန်းစီမံချက်အရ အနားယူသော ဆရာတော်များ၏ ဘွဲ့အမည်စာရင်းကို ကြေညာ၍ ပြန်လည်ရွေးချယ်နိုင်ရန်အတွက် သက်ဆိုင်ရာနယ်မြေအလိုက် အမည်စာရင်းတင်သွင်းမည့် အဆိုရှင် မြို့နယ်သံဃာ့ဝန်ဆောင်ဆရာတော်ကို ဖိတ်ကြားသည်။

ယင်းနောက် ယင်းအဆိုကို သက်ဆိုင်ရာနယ်မြေအလိုက် ထောက်ခံမည့် မြို့နယ်သံဃာ့ဝန်ဆောင် ဆရာတော်ကို ဖိတ်ခေါ်၍ သဘာပတိဆရာတော်က အစားထိုးရွေးချယ်ခံရသည့် မြို့နယ်သံဃနာယက ဆရာတော်ဘွဲ့ အမည်စာရင်းကို မြို့နယ်သံဃာ့ဝန်ဆောင် အစည်းအဝေးသို့ တင်သွင်းပြီး သာဓုသုံးကြိမ်ခေါ်ဆိုကာ အတည်ပြုပြီး သံဃာ့အဖွဲ့အစည်းလုပ်ထုံးလုပ်နည်းအပိုဒ် (၃၅၊ ၉၇)တို့ကို ရှင်းလင်းလျှောက်ထားသည်။ ယင်းနောက် ဒေသအတွင်းရှိ မြို့နယ်သံဃာ့ဝန်ဆောင်ဆရာတော်များ၏ လျှို့ဝှက်ဆန္ဒခံယူ၍ သဘာပတိဆရာတော်က နိဂုံးချုပ်သြဝါဒကထာ မြွက်ကြားသည်။ ထို့နောက် ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆို၍ မြို့နယ်သံဃနာယက အဖွဲ့ဝင်များ အစားထိုးရွေးချယ်ခြင်း အစည်းအဝေးပြီးမြောက်ကြောင်း သိရသည်။

ဇော်ကိုကို (တောင်ငူ)