(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ချောင်းဆုံမြို့နယ် သက္ကောကျေးရွာ “သုတစံအိမ်” စာကြည့်တိုက် ဖွင့်ပွဲအခမ်းအနား မွန်ပြည်နယ်ဝန်ကြီးချုပ် တက်ရောက်

ချောင်းဆုံ ဖေဖော်ဝါရီ ၄

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၌ (၇၈)နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စာကြည့်တိုက်များရှင်သန်ဖွံ့ဖြိုးတိုးတက်စေရန် ဒေသခံပြည်သူများနှင့် ယနေ့ခေတ်ကျောင်းသားလူငယ်များ စာအုပ်စာပေများကို အလွယ်တကူစာပေဖတ်ရှု လေ့လာနိုင်စေရန်၊ စာပေဖတ်ရှုလေ့လာသည့် အလေ့အကျင့်ကောင်းများ ရရှိနိုင်စေရန်နှင့်အသိပညာဗဟုသုတများ တိုးပွားလာစေရန် ရည်ရွယ်၍ “သုတစံအိမ်” စာကြည့်တိုက်သစ်ဖွင့်ပွဲကို ယနေ့နံနက်(၈)နာရီက သက္ကောကျေးရွာ၌ ကျင်းပခဲ့ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အလှူရှင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့သည်။

ဦးစွာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်လွှတ်တော်တရားသူကြီးချုပ် ဦးညီညီစိုး၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာမြင့်၊ သယံဇာတရေးရာဝန်ကြီး ဒေါက်တာအောင်မြတ်ကျော်စိန်နှင့် လူမှုရေးရာဝန်ကြီး ဦးစောကြည်နိုင်တို့က “သုတစံအိမ်” စာကြည့်တိုက်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဘင်ခရာနှင့် ပန်းပွားအဖွဲ့အား ဂုဏ်ပြုငွေများပေးအပ် ချီးမြှင့်ခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက “သုတစံအိမ်” စာကြည့်တိုက် ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖျန်းခဲ့ပြီး စာကြည့်တိုက်အတွင်း သုတ၊ ရသ စာအုပ်စာစောင်များ၊ ပရိဘောဂပစ္စည်းများ၊ ရပ်ကွက်ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများက စာအုပ်စာပေလေ့လာဖတ်ရှုနေမှုတို့ကို လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။

ဆက်လက်၍ “သုတစံအိမ်” စာကြည့်တိုက်အဆောက်အဦ ဖွင့်ပွဲအခမ်းအနားကို ကျင်းပခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်းက အမှာစကားပြောကြားရာ စာပေမြင့်မှ လူမျိုးတင့်သည်ဆိုသကဲ့သို့ ကျောင်းသားလူငယ်များကို စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရှင်သန်ခိုင်မာဖို့ လေ့ကျင့်ပျိုးထောင်ပေးကြရန်လိုပါကြောင်း၊ ပြည်သူများအနေဖြင့် စာကြည့်တိုက်များကို အသုံးပြု၍စာဖတ်တဲ့ အလေ့အကျင့်ကောင်းများ စွဲမြဲလာမည်ဖြစ်ပြီး စာကြည့်တိုက်ရေရှည်တည်တံ့ခိုင်မြဲရေးကိုလည်း ဝိုင်းဝန်းစောင့်ရှောက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။

ယင်းနောက် “သုတစံအိမ်” စာကြည့်တိုက်အတွက် အလှူရှင်များ ပန်းချီကားချပ်နှင့် စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့ပြီးနောက် ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ပြီး စာကြည့်တိုက် အဆောက်အဦနှင့်ပတ်သက်သည့်အချက်အလက်များအား ပြည်နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်စမ်းစမ်းနွယ်က လွှဲပြောင်းပေးအပ်ခဲ့ရာ စာကြည့်တိုက်တာဝန်ခံမှလက်ခံရယူခဲ့ကာ စာကြည့်တိုက်ကော်မတီ ဥက္ကဋ္ဌဦးစံခင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

အဆိုပါ “သုတစံအိမ်” စာကြည့်တိုက်ကို မြန်မာနိုင်ငံစာကြည့်တိုက်များဖွံ့ဖြိုး တိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီမှ မတည်လှူဒါန်းသည့် ငွေကျပ်သိန်း(၁၅၀)နှင့် စေတနာရှင် အလှူရှင်များ၏စုပေါင်း လှူဒါန်းငွေသိန်း(၁၀၀) စုစုပေါင်းသိန်း(၂၅၀)ဖြင့် အလျား(၂၀)ပေ၊ အနံ(၂၀)ပေ၊ အမြင့်(၁၂)ပေ အုတ်ကာ၊ သွပ်မိုး၊ တစ်ထပ်အဆောက်အဦ ဆောက်လုပ်ထားရှိပြီး မွန်ပြည်နယ်စာကြည့်တိုက်ဖောင်ဒေးရှင်းအဖွဲ့မှ သုတ၊ ရသစာအုပ်(၄၀)အုပ်ကိုလည်း ပေးအပ်လှူဒါန်းခဲ့ကြကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)