ဇီးကုန်း ဖေဖော်ဝါရီ ၄
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတ တိုးပွားလာစေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် အသိပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက အ.လ.က(ခွဲ) ဝက်ကော်ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အ.လ.က(ခွဲ) ဝက်ကော်ကျောင်း ကျောင်းအုပ်ဆရာကြီး ဦးမြင့်ထွေးက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်မာမာဦးက ကျောင်းသား၊ ကျောင်းသူများအား ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံနှင့် စာဖတ်ခြင်းဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးများကို အသိပညာပေးဟောပြော၍ ဒုတိယဦးစီးမှူးဒေါ်ရီရီမြင့်က ပုံပြင်စာအုပ်များ ဖတ်ပြခြင်း၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်မြင့်မြင့်ခင်က စားသုံးသူကာကွယ်ရေး ဥပဒေအကြောင်း၊ ကုန်ညွှန်းအမှတ်အသား ပြည့်စုံပါဝင်မှုနှင့် စားသုံးရန်မသင့်သော အစားအသောက်များ အကြောင်းတို့ကို အသိပညာပေးဟောပြောခဲ့ကြသည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများအား အသိပညာဗဟုသုတရရှိစေမည့် စာအုပ်စာစောင်များကိုပြသ၍ ဖတ်ရှုစေခြင်း၊ ကလေးအလုပ်သမားပပျောက်ရေး နံရံကပ်စာစောင်နှင့် အသိပညာဗဟုသုတကြွယ်ဖို့ စာအုပ်စာပေဖတ်ကြစို့ အသိပညာပေး နံရံကပ်စာစောင်များ ပြသခြင်းတို့ကိုဆောင်ရွက်ခဲ့ရာ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုမှတ်သားခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)