ဒဂုံတောင် ဖေဖော်ဝါရီ ၄
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ဌာနဆိုင်ရာများ၊ အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်များ ဗလငါးတန်ပြည့်စုံပြီး ရရှိပြီးသား ဗဟုသုတများ တိုးပွားရရှိစေရန်၊ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်ပြီး လူငယ်စကားဝိုင်းများ၊ နယ်လှည့်စာကြည့်တိုက်၊ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲများ၊ ပြပွဲ၊ ပြိုင်ပွဲများကို ကျင်းပဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့ မွန်းလွဲ (၁၂) နာရီက ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၂၀)ရပ်ကွက်၊ ရွှေဟင်္သာလမ်းရှိ အမှတ်(၂၀)အခြေခံပညာမူလတန်းကျောင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်ပြပွဲ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အမှတ်(၂၀) အခြေခံပညာမူလတန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်စပယ်မြိုင်က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သန်းသန်းအေးက နယ်လှည့်စာကြည့်တိုက်လုပ်ငန်းများ ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်နှင့် ကလေးငယ်များ ငယ်စဉ်ကတည်းက စာအုပ်စာပေများကို ချစ်မြတ်နိုးစွာ ဖတ်ရှုတတ်စေရန် သာဓကပြပုံပြင်အကြောင်းအရာများ ဟောပြောပြီး စာအုပ်ဖတ်ပြခြင်းအစီအစဉ်ကို ဆက်လက်ဆောင်ရွက်ရာ ကလေးငယ်များ အသိပညာဗဟုသုတရရှိစေသော စိတ်ဝင်စားဖွယ် သရုပ်ဖော်ရုပ်ပုံပါ “ဖိုးအေးနှင့်မိတ်ဆွေစာရေးကိရိယာလေးများ”ရုပ်ပြစာအုပ်ကို ဓာတ်ပုံ ကျွမ်းကျင်-၂(အင်အားပြ) ဦးနေမျိုးအောင်၊ စာကြည့်တိုက်လက်ထောက်-၃(အင်အားပြ) ဒေါ်စပယ်ဦး၊ အငယ်တန်းစာရေး ဒေါ်နှင်းနှင်းအေးရိပ်တို့က သရုပ်ဖော် ဖတ်ပြခဲ့ကြသည်။
ယင်းနောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်ကျင်းပြသထားသော အသိပညာပေးနံရံကပ်စာစောင်များနှင့် ကလေးများအကြိုက် သရုပ်ဖော်ပုံများပါရှိသော ရုပ်ပြစာအုပ်များကို တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူလေးများက စိတ်ပါဝင်စားစွာ ကြည့်ရှုကြကြောင်း သိရသည်။
နေမျိုးအောင်