မင်းဘူး ဒီဇင်ဘာ ၄
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်အတွင်း CERP အစီအစဉ် ဖြင့် စိုက်ပျိုးထားသော မိုးစပါမျိုးစေ့ထုတ်စံကွက် ရိတ်သိမ်းခြင်းကို ယမန်နေ့ နံနက်ပိုင်းအချိန်က ဆင်ခေါင်းကျေးရွာနှင့် ကုလားပါးကျေးရွာတို့တွင် လက်ဖြင့် ရိတ်သိမ်း ဆောင်ရွက်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ထိုသို့ရိတ်သိမ်းဆောင်ရွက်ရာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကွင်းဝန်ထမ်းများ၊ မြို့နယ် လယ်ယာမြေစီမံခန့်ခွဲ့ရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ဝန်ထမ်းများနှင့် ဒေသခံတောင်သူများက ဆင်ခေါင်းကျေးရွာ တောင်သူ ဦးနိုင်အေး၏ မနောသုခ (၃)ဧက စိုက်ခင်း ၆ ဒဿမ ၆ ပေ စံကွက်တွင် ရိတ်သိမ်းဆောင်ရွက်ခဲ့ရာ တစ်ဧက အထွက်နှုန်း အစို (၉၄) တင်းနှုန်း ထွက်ရှိခဲ့ကြောင်း၊ အလားတူ ကုလားပါးကျေးရွာ တောင်သူ ဦးခင်ဝေ၏ မနောသုခ(၅)ဧက စိုက်ခင်း ၆ ဒဿမ ၆ ပေ စံကွက်တွင်လည်း ရိတ်သိမ်းဆောင်ရွက်ခဲ့ရာ တစ်ဧက အထွက်နှုန်း အစို ၉၈ တင်းနှုန်း ထွက်ရှိ ခဲ့ကြောင်း သိရသည်။
မင်းဘူး(စကု)မြို့နယ်အတွင်း ယခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် ကိုဗစ်စီးပွာရေးကုစားမှု အစီအစဉ် CERP ဖြင့် ကျေးရွာပေါင်း (၂၅)ရွာမှ တောင်သူပေါင်း (၁၃၈)ဦးဖြင့် ဧက ၇၀၀ ဆောင်ရွက်ထားရှိပြီး ယနေ့အထိ ပခမ်းရွှေဝါ၊ မနောသုခနှင့် ဧရာမင်း မျိုးစပါး ဧကပေါင်း (၃၆) ဧက ရိတ်သိမ်းပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးသိန်းနိုင်ဝင်းထံမှ သိရသည်။
မောင်မောင် (မင်းဘူး)