လက်ပံတန်း ဖေဖော်ဝါရီ ၄
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့ကျက်သရေဆောင် လောကဥသျှောင်မြဘုန်းရောင်စေတီတော်မြတ်ကြီး၏ (၁၂၇)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ကျင်းပခဲ့သည်။
ရှေးဦးစွာ ဗုဒ္ဓမြတ်စွယ်တော်ကိန်းဝပ်ရာ စွယ်တော်တိုက်အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးနေမင်းအောင်နှင့်အဖွဲ့ဝင်များ၊ ဂေါပကအဖွဲ့ ဥက္ကဋ္ဌနှင့်ဖွဲ့ဝင်များ၊ အလှူရှင်များက ဖဲကြိုးဖြတ်ဖွင့်လှစ်သည်။
ထို့နောက် ဧည့်ပရိသတ်များက နမောတဿသုံးကြိမ်ရွတ်ဆိုကန်တော့၍ မဟာဗောဓိဝံကျောင်းတိုက် ဦးစီးနာယကဆရာတော် ဘဒ္ဒန္တမဟိန္တထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။ ဆက်လက်၍ သံဃာတော်အရှင်သူမြတ်တို့က စေတီတော်မြတ်ကြီးနှင့် ပရဝုဏ်အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်များအား ဗုဒ္ဓဘိသေကအနေကဇာတင်မင်္ဂလာအခမ်းအနားပြုလုပ်ပြီး မဟာပဋ္ဌာန်းပူဇော်၍ ပွဲတော်ကို ဖွင့်လှစ်ခဲ့သည်။
လောကဥသျှောင်မြဘုန်းရောင်စေတီတော်မြတ်ကြီး၏ (၁၂၇)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကို ဖေဖော်ဝါရီ ၄ ရက်နေ့မှ ၁၃ ရက်နေ့အထိ စတုတ္ထအကြိမ်မြောက် ဗုဒ္ဓမြတ်စွယ်တော်အား မြို့နယ်အတွင်း လှည့်လည်အပူဇော်ခံခြင်း၊ ဖေဖော်ဝါရီလ ၅ ရက်နေ့မှ ၁၂ ရက်နေ့ထိ တောင်ပြုန်းပွဲကျင်းပခြင်း၊ ထမင်းနဲထိုးပွဲကျင်းပခြင်း၊ ဆရာတော်ကြီးများ၏ တရားပွဲဓမ္မသဘင်များဖြင့် အစဉ်အလာမပျက် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)