သာယာဝတီမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များသို့ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးကွင်းဆင်းဆောင်ရွက်

သာယာဝတီ ဖေဖော်ဝါရီ ၄

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်အတွင်း ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြင့်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ စက်သုံးဆီ အရောင်းဆိုင်ကြီးများသို့ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့အုပ်ချုပ်ရေးမှူး ဦးဆန်းဟို၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးခင်မောင်လတ်နှင့် ဝန်ထမ်းများ၊ စည်ပင်သာယာရေးအဖွဲ့မှတာဝန်ရှိသူများ၊ မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးများကဦးဆောင်၍ မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များ၌ မီးလန့်မှုနှင့် မီးလောင်မှုများမဖြစ်ပွားစေရေး၊ မီးဘေးသတိရှိရေး မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မီးချိတ်၊ မီးကပ်၊ သဲ၊ ရေပုံးများမီးသတ်ဆေးဘူးများအသင့်ထားရှိစေပြီး မီးသတ်ဆေးဘူးများ လေပေါင်ရှိ/မရှိတို့ကိုစစ်ဆေး၍ မီးဘေးလုံခြုံရေးဆိုင်ရာတို့ကို အသိပညာပေးကာ လိုက်လံစစ်ဆေးပြီး လိုအပ်သည်များကို လမ်းညွန်မှာကြားခဲ့ကြောင်း သိရသည်။

သန့်ဇော် (ပြန်/ဆက်)