တာမွေ ဖေဖော်ဝါရီ ၄
ကျောင်းသား/သူ၊ လူငယ်လူရွယ်လေးများသည် နိုင်ငံ၏ တန်ဖိုးရှိလှသည့် လူ့စွမ်းအားအရင်းအမြစ်များဖြစ်သည်နှင့်အညီ အသိဉာဏ်ပညာဗဟုသုတများ ပြည့်စုံကြွယ်ဝပြီး ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် (၁၀)နာရီအချိန်က ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်း ဇီဇဝါဆောင်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် တာမွေမြို့နယ် ပညာရေးဌာနမှ လက်ထောက်ပညာရေးမှူး ဒေါ်တင်တင်ယုက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တာမွေမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်မို့မို့အောင်က လူငယ်စကားဝိုင်း ကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တာမွေမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်မို့မို့အောင်နှင့် တာမွေမြို့နယ်ရှိ အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်းမှ အလယ်တန်းပြဆရာမ ဒေါ်ခင်အေးနွယ်တို့က ဦးဆောင်ဆွေးနွေးသူများအဖြစ် ပါဝင်ဆောင်ရွက်ခဲ့ပြီး တာမွေမြို့နယ်ရှိ အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းသား/သူလေးများက “လူငယ်နှင့်ယဉ်ကျေးမှု၊ လူငယ်နှင့်စာရိတ္တ၊ လူငယ်နှင့် အားကစား၊ လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့်စာပေ၊ လူငယ်နှင့်နည်းပညာ” စသည့်ခေါင်းစဉ်များဖြင့် အသီးသီး ပါဝင်ရှင်းလင်းဆွေးနွေးခဲ့ကြသည်။ ဆက်လက်၍ အခမ်းအနားသို့ တက်ရောက်လာကြသော ကျောင်းသား/သူလေးများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ပါဝင် ဆွေးနွေးခဲ့ကြသည့် ကျောင်းသား/သူလေးများအား အမှတ်တရလက်ဆောင်ပစ္စည်းများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။ ယင်းနောက် တာမွေမြို့နယ်ရှိ အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းတာဝန်ခံဆရာမ ဒေါ်သိန်းသိန်းနိုင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး တက်ရောက်လာကြသူများက ခန်းမအတွင်း ပြသထားသော လူငယ်ရေးရာဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များနှင့် သုတ/ ရသစာအုပ်စာစောင်များအား ကြည့်ရှုလေ့လာခဲ့ကြသည်။
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်အတွင်းရှိ ကျောင်းသား/သူ လူငယ်လူရွယ်လေးများ အနေဖြင့် အဆိုပါစကားဝိုင်းများမှ အသိဉာဏ်ပညာဗဟုသုတများ ပိုမိုရရှိစေရန်၊ စကားပြောအတတ်ပညာ ကျွမ်းကျင် တတ်မြောက်ပြီး လူအများရှေ့တွင် ရဲဝံ့စွာ စကားပြောဆိုတတ်စေရန်၊ လူငယ်အချင်းချင်း တစ်ဦးနှင့်တစ်ဦး အသိ ပညာများ ဖလှယ်ကြရာမှ အတွေ့အကြုံသစ်များရရှိစေရန်၊ လူငယ်အချင်းချင်း ရင်းနှီးချစ်ကြည်မှုများ တိုးပွားပြီး လုပ်ငန်းများဆောင်ရွက်ရာတွင် ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်နှင့် လူငယ်များ၏ ဗလငါးတန်ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် စသည့်ရည်ရွယ်ချက်ကောင်းများဖြင့် ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်းနှင့် အဆိုပါ လူငယ်စကားဝိုင်းဆွေးနွေးပွဲအခမ်းအနားသို့ တာမွေမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ တာမွေမြို့နယ်ရှိ အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းတာဝန်ခံဆရာမနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/သူလေးများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
နိုင်လင်းအောင်(ပြန်/ဆက်)