ရွှေဘို ဖေဖော်ဝါရီ ၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်/မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းအဖြစ် KG အရွယ် ကျောင်းသား/ကျောင်းသူတစ်ဦးအတွက် တစ်နေ့တာစွမ်းအင်လိုအပ်ချက်၏ အနည်းဆုံး(၃၀)ရာခိုင်နှုန်း၊ (၅၅၅)ကီလိုဂရမ် လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေး ကျောင်းတွင်းအာဟာရကျွေးခြင်းလုပ်ငန်းများကို ယနေ့နေ့လယ်ပိုင်းက ထ(ခွဲ)အ.လ.က(၁)ကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အာဟာရကျွေးခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် KG ကျောင်းသား/ ကျောင်းသူလေးများအား ထမင်း၊ ကုလားပဲနှပ်၊ အစိမ်းကြော်၊ ကြက်သားကြော် စသည်တို့အား သတ်မှတ်ပုံစံနှင့်အညီ ကျွေးမွေးခဲ့ကြောင်း အာဟာရကျွေးမွေးနေမှုများကို ခရိုင်/မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးနှင့် ဝန်ထမ်းများ၊ ခရိုင်/မြို့နယ်ပညာရေးမှူးနှင့် ဝန်ထမ်းများ သက်ဆိုင်ရာကျောင်းအုပ်ကြီးများနှင့် ဆရာ၊ ဆရာမများ တက်ရောက်အားပေးခဲ့ကြောင်းနှင့် အခြားကျောင်းများတွင်လည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ ရွှေဘိုခရိုင် ရွှေဘိုမြို့နယ်အတွင်း၌ ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလတို့အတွက် သုံးကြိမ်ကျွေးမွေးသွားမည်ဖြစ်ပြီး KG ကလေးငယ် (၉၆၉)ဦးရှိကြောင်း သိရသည်။
အေးမြင့်စန်း(ပြန်/ဆက်)