တံတား ဖေဖော်ဝါရီ ၄
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာပေဝါသနာရှင်များနှင့် (Book Club) အဖွဲ့ဝင်များပူးပေါင်း၍ စာရေးဆရာ ကျော်ကျော်လှိုင်ရေးသားသည့် “လူတွေရဲ့ချစ်ခင်မှုကိုရအောင်” စာအုပ်ဖြင့် ယနေ့ နံနက် (၁၁) နာရီ အချိန်က စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်မိုးဖြူလွင်က ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရန်၊ ကိုယ်ပိုင်စာဖတ်ချိန်မရှိသူများအတွက် စာဖတ်ခွင့်မဆုံးရှုံးစေရန်၊ တစ်ဦးနှင့်တစ်ဦး စာပေဗဟုသုတ အပြန်အလှန်ဆွေးနွေးတတ်သည့် အလေ့အကျင့်များရရှိစေရန်နှင့် စာဖတ်ရှိန်မြှင့်တင်နိုင်ရေးအတွက်ရည်ရွယ်၍ လစဉ်စာဖတ်ဝိုင်းများ ပြုလုပ်ရခြင်းဖြစ်ကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းတွင် (Book Club) အဖွဲ့ဝင် မလမင်းသူက “မိမိကိုယ်မိမိချစ်ပါ” ခေါင်းစဉ်ဖြင့် စတင်ဆွေးနွေးရာတွင် လူများ၏ ချစ်ခင်မှုကိုရသည့်လူတိုင်းက ပြောဆိုဆက်ဆံရေးတွေ အမြဲအောင်မြင်တတ်ကြကြောင်း၊ လူတွေ၏ ချစ်ခင်မှုကိုရရန် မိမိကိုယ်မိမိ ချစ်တတ်ရန်လိုကြောင်း၊ မိမိကိုယ်မိမိချစ်တတ်ရန် အချက်(၂)ချက်ဖြင့် ပြည့်စုံရန်လိုအပ်ကြောင်း၊ ပထမအချက်အနေဖြင့် ကျန်းမာရေးကောင်းမှ မိမိကိုယ်မိမိချစ်လို့ရမည်ဖြစ်ကြောင်း၊ ကျန်မာရေးကောင်းသည့် လူမှ ပျော်ရွင်နေရမည်ဖြစ်ကြောင်းနှင့် ဒုတိယအချက်အနေဖြင့် မိမိလက်ရှိဘဝအခြေအနေကို ကျေနပ်နှစ်သိမ့်ရန်လိုကြောင်း၊ လက်ရှိအခြေအနေကို လက်ခံရန်လိုအပ်ကြောင်း ဆွေးနွေးခဲ့သည်။
ထို့နောက် (Book Club) အဖွဲ့ဝင် မဇူလှိုင်မိုးက “မိမိတန်ဖိုးကိုမြှင့်ပါ” ခေါင်းစဉ်ဖြင့် ဆက်လက်ဆွေးနွေးရာ လူများ၏ ချစ်ခင်မှုကိုရရှိရန် လုပ်ဆောင်ရမည့်အချက်များထဲမှ မိမိတန်ဖိုးကိုမြှင့်ခြင်းမှာလည်း အကောင်းဆုံး အချက်တစ်ချက်ဖြစ်ကြောင်း၊ “မိမိတန်ဖိုးကို ဘယ်လိုမြှင့်ရမလဲ”ဟူ၍မေးလျှင် မိမိ၏ မကောင်းသည့်အကျင့်များကို အတတ်နိုင်ဆုံးပြင်ဆင်ရန်လိုအပ်ကြောင်း၊ မိမိ၏စိတ်ဓာတ်တွေကို ကောင်းလာအောင်လုပ်ရန်လိုအပ်ကြောင်း၊ လူတိုင်းတွင် မကောင်းသည့် အကျင့်တွေ အနည်းနှင့် အများဆိုသလိုရှိကြကြောင်း၊ သို့သော် မကောင်းသည့် အကျင့်မဆို ပြင်လို့ရကြောင်း၊ ပြင်ဆင်စိတ်က အဓိကဖြစ်ကြောင်း ဆွေးနွေပြီးနောက် တက်ရောက်လာကြသော စာပေဝါသနာရှင်များမှလည်း စာအုပ်ပါအကြောင်းအရာများဖြင့် ဖြည့်စွက်ဆွေးနွေးကာ အတွေးအမြင်ဗဟုသုတများကို ဖလှယ်ခဲ့ကြကြောင်း သိရသည်။
ခန့်စည်သူဝင်း(ပြန်/ဆက်)