စစ်ကိုင်းမြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု(CERP)အစီအစဉ်ဖြင့် စိုက်ပျိုး ထားသည့် မိုးစပါး ဆင်းသုခစိုက်ခင်းအား တတိယအကြိမ် မျိုးကွဲပယ်ခြင်း ထိရောက် မှုရှိရေး လက်တွေ့ပြသ

စစ်ကိုင်း ဒီဇင်ဘာ ၄

စစ်ကိုင်းမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန တဲကြီးမြို့မ နည်းပညာပြန့်ပွားရေးစင်တာမှ တာဝန်ခံနှင့် စိုက်ပညာရှင် ဝန်ထမ်းများသည် နယ်မြေအတွင်းရှိ ဆင်တပ်ကျေးရွာ တောင်သူ ဦးညွန့်ဝင်းနှင့်  ဦးတင်မြင့် တို့၏ ကိုဗစ်-၁၉ စီးပွားရေး ထိခိုက်မှု (CERP)အစီအစဉ်ဖြင့် စိုက်ပျိုးထားသည့် မိုးစပါးဆင်းသုခ စိုက်ကွင်း တတိယ အကြိမ်မျိုးကွဲပယ်ခြင်း ထိရောက်မှုရှိစေရန် ယမန်နေ့၊ မွန်းလွဲပိုင်းက နည်းပညာများ လက်တွေ့ပြသ ပေးခဲ့ကြကြောင်းသိရသည်။

" ကျွန်တော်တို့ စိုက်ပျိုးရေးဦးစီးဌာနအနေနဲ့ မြို့နယ်အတွင်းမှာရှိတဲ့ မိုးသီးနှံ၊ ဆောင်သီးနှံစိုက် ပျိုး တောင်သူတွေကို သက်ဆိုင်ရာသီးနှံများအလိုက် ထွက်နှုန်းကောင်းအောင် နည်းပညာတွေ လက်တွေ့ ပြသ ဆောင်ရွက်ပေးနေပါတယ် အဓိကတော့ ဓာတုပစ္စည်းသုံးစွဲမှုလျော့ချရေးနဲ့ သဘာဝမြေဩဇာပြု လုပ်သုံးစွဲစေရန်၊ သဘာဝပိုးပြေးဆေး ပြုလုပ်သုံးစွဲစေရန် တို့ကိုနည်းပညာပေးပြီး ဓာတုဓာတ်ကြွင်း အန္တရာယ်အကြောင်းကို ရှင်းလင်းဆွေးနွေးပေးပါတယ် အခုလည်းပဲ မိုးစပါးဆင်းသုခစိုက်ကွင်း တတိယအကြိမ်မြောက် မျိုးကွဲပယ်ခြင်း ထိရောက်မှုရှိစေရန်နဲ့ ရိတ်သိမ်းရာတွင် အလေအလွင်မရှိစေရန် ရိတ်သိမ်းချိန်လွန် နည်းပညာများပေးပြီး သီးထပ်အဖြစ်စိုက်ပျိုးနိုင်အောင် ဆွေးနွေးပေးပါတယ် " ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးဇော်ဦးက ပြောပြ၍သိရသည်။

စစ်ကိုင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ တောင်သူများအား စိုက်ပျိုးရေး အခက်အခဲများရှိပါက သက်ဆိုင်ရာ တိုက်နယ်နည်းပညာပြန့်ပွားရေး စင်တာများနှင့် ချိတ်ဆက်၍ အချိန်နှင့်တစ်ပြေးညီ ဆွေးနွေးမေးမြန်း ဆောင်ရွက်နိုင် ကြောင်း သိရသည်။

 

ဇော်မြင့်နိုင်