မုံရွာ ဖေဖော်ဝါရီ ၄
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာပညာရေးဒီဂရီကောလိပ် ၂၀၂၅-ခုနှစ်၊ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အကြို အားကစားပြိုင်ပွဲများ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ အဆိုပါကျောင်းရှိ အားကစားကွင်းတွင်ကျင်းပရာ ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မုံရွာပညာရေးဒီဂရီကောလိပ်မှ ကျောင်းအုပ်ကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ၊ ပြိုင်ပွဲဝင်အသင်းအုပ်ချုပ်သူများနှင့် အားကစားသမားများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး လူမှုရေးရာရာဝန်ကြီး ဦးညွန့်ဝင်းအောင်နှင့် မုံရွာပညာဒီဂရီကောလိပ် ကျောင်းအုပ်ဆရာမကြီးတို့က ၂၀၂၅-ခုနှစ်၊ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အကြို အားကစားပြိုင်ပွဲများအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က ကျောင်းသား/သူမောင် တို့မယ်တို့အနေဖြင့် မုံရွာပညာရေးဒီဂရီကောလိပ်မှ သင်တန်းပြီးဆုံးပါက တာဝန်ကျရာ ဒေသအသီးသီးရှိ အခြေခံပညာကျောင်းများတွင် မိဘပြည်သူများ၏ အသိပညာဗဟုသုတ ပြန့်ပွားရေး၊ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးနှင့် အားကစားကဏ္ဍများတွင်လည်း ပါဝင်ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ကျောင်းသား/သူများအနေဖြင့် ဘက်စုံ ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံ့သားကောင်းများဖြစ်ကြရန် ဗလငါးတန်နှင့်ပြည့်စုံသည့် ဆရာ/ဆရာမများဖြစ်စေရေး ကြိုးပမ်းပြင်ဆင်ထားကြရန် လိုအပ်ပါကြောင်း၊ နိုင်ငံတော်အနေဖြင့် ယခုလိုအားကစားပြိုင်ပွဲများ ကျင်းပဆောင်ရွက်ပေးခြင်းသည် ကျောင်းသား/ကျောင်းသူများအား ကျန်းမာကြံ့ခိုင်သည့် နိုင်ငံ့သားကောင်းများ ဖြစ်လာစေရန်၊ မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ပေးနိုင်ရန် မျှော်မှန်ချက်ထားရှိပြီး အားကစားသမားချင်းချင်း ပူးပေါင်းဆောင်ရွက်တတ်ရန်နှင့် တိုင်းချစ်၊ ပြည်ချစ်၊ မျိုးချစ်စိတ်ဓါတ်များ ရှင်သန်ထက် မြတ်လာစေရန်စသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပဆောင်ရွက်ပေးရခြင်းဖြစ်ပါကြောင်း၊ အားကစားပြိုင်ပွဲများကျင်းပရာတွင် ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများအားလုံး ပျော်ပျော်ရွှင်ရွှင်ဖြင့် ယှဉ်ပြိုင်ကစားသွားကြရန်နှင့် ပေါင်းစည်းချစ်ကြည်လက်တွဲညီ ပြည်ထောင်စု၏ ပန်းတိုင်ဆီသို့ ဦးတည်လျှောက်လှမ်းသွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် ပြိုင်ပွဲဝင်အသင်းများမှ အားကစားသမားများက အားကစားသစွာ အဓိဋ္ဌာန်ရွတ်ဆိုကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပြိုင်ပွဲဝင် အသင်းများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြပြီး မုံရွာပညာရေးဒီဂရီကောလိပ်မှ ကျောင်းသား/သူများက Fitness Dance အကဖြင့် ကပြဖျော်ဖြေကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အမျိုးသား/အမျိုးသမီး မီတာ ၁၀၀၊ မီတာ ၂၀၀ အပြေးပြိုင်ပွဲနှင့် အမျိုးသား/အမျိုးသမီး လွန်ဆွဲပြိုင်ပွဲ ယှဉ်ပြိုင်နေမှုများအား ကြည့်ရှုအားပေးကြသည်။
ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကိုကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အမျိုးသား/အမျိုးသမီး လွန်ဆွဲပြိုင်ပွဲတွင် ပထမဆုရရှိကြသည့် အသင်းများအားလည်းကောင်း၊ တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက အမျိုးသား/အမျိုးသမီး Fitness Dance ပြိုင်ပွဲတွင် ပထမဆုရရှိသူများအားလည်ကောင်း၊ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးက အမျိုးသား/အမျိုးသမီး မီတာ ၁၅၀၀ အပြေးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိကြသူများအားလည်းကောင်း၊ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက အမျိုးသား/အမျိုးသမီး မီတာ ၈၀၀ အပြေးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိကြသူများအားလည်းကောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးက အမျိုးသား/ အမျိုးသမီး မီတာ ၄၀၀ အပြေးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသူများ အားလည်းကောင်း ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဂုဏ်ပြုလက်မှတ်များ အသီးသီးပေးအပ်ချီးမြှင့်ကြသည်။
ဆက်လက်ပြီး မုံရွာတက္ကသိုလ်ပါမောက္ခချုပ်၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် မုံရွာပညာရေးဒီဂရီကောလိပ်မှ ကျောင်းအုပ်ကြီးတို့က အမျိုးသား၊ အမျိုးသမီး မီတာ ၂၀၀၊ မီတာ ၁၀၀၊ လှံတံပစ်၊ သံလုံးပစ်ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိကြသူများအား ဂုဏ်ပြုချီးမြှင့်ငွေများနှင့် ဂုဏ်ပြုလက်မှတ်များ အသီးသီးပေးအပ်ချီးမြှင့်ကြပြီး တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးက မုံရွာပညာရေးဒီဂရီကောလိပ်မှ ကျောင်းအုပ်ဆရာမကြီးထံ ဂုဏ်ပြုချီးမြှင့်ငွေကျပ် ၁၀ သိန်းအား ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)