ကသာမြို့ ပညာတံခွန်ကိုယ်ပိုင်အထက်တန်းကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ

ကသာ ဖေဖော်ဝါရီ ၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် ကျောင်းသား/ ကျောင်းသူများ၊ လူငယ်လူရွယ်များ အသိပညာဗဟုသုတတိုးပွားစေရန် ရည်ရွယ်၍ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ဌာနဆိုင်ရာများပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၉)နာရီခွဲအချိန်က ပညာတံခွန်ကိုယ်ပိုင်အထက်တန်း ကျောင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအသိပညာပေးဟောပြောပွဲတွင် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဟိန်းကိုဦးက “လူငယ်နှင့်ပတ်ဝန်းကျင်”‌ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်အေးမော်က “Gender”ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စောကလျာက “လူငယ်နှင့် စာဖတ်ခြင်း”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်မိုးမိုးငြိမ်းက “ရာသီဥတုပြောင်းလဲ လာရသည့်အကြောင်းအရင်းနှင့်လျော့ချရန် နည်းလမ်းများ” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဟောပြောဆွေးနွေးခဲ့ကြသည်။

ကသာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား/ကျောင်းသူများ၊ လူငယ်လူရွယ်များအား အသိပညာဗဟုသုတများကို မိမိပတ်ဝန်းကျင်အတွက် ကောင်းကျိုးရှိစွာ ကြံဆအသုံးပြု တတ်စေရန်အတွက်၊ အသိပညာပေးဟောပြာပွဲများကို ဌာနဆိုင်ရာများနှင့် ပူးပေါင်းကာလစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ရဲလင်းထွန်း(ကသာ)