ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၌ သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

ဒဂုံတောင် ဖေဖော်ဝါရီ

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ သစ်တောဦးစီးဌာနက ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်း(အ.ထ.ကစိုက်မွေး)‌ကျောင်း၌ ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပကြောင်း သိရသည်။

ရှေးဦးစွာ အခြေခံပညာအထက်တန်းကျောင်း(အ.ထ.က စိုက်မွေး)ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်သင်းသင်းဌေးက အဖွင့်အမှာစကားပြောပြီး သစ်တောဦးစီးဌာနမှ တောအုပ်ကြီး ဦးသိန်းမင်းထွန်းက သစ်တောထွက်သယံဇာတပစ္စည်းများအား ထိန်းသိမ်းရန်၊ သစ်တော၊ သစ်ပင်များ စိုက်ပျိုးပြုစုထိန်းသိမ်းစောင့်ရှောက်ရေး၊ တောင်ယာခုတ်ထွင်မီးရှို့မှုများ မပြုလုပ်ရေးအကြောင်းအရာများ၊ ရေသယံဇာတထိန်းသိမ်းရေး အကြောင်းအရာများ၊ ရေချွေတာသုံးစွဲရေး၊ မီးခိုးမြူငွေ့ဖြစ်ပေါ်လာပုံ၊ လေထုညစ်ညမ်းမှု ဖြစ်ပေါ်စေသောအကြောင်းအရာများ၊ ပျက်စီးဆုံးရှုံးမှုကို ကာကွယ်ရန် နည်းလမ်းများအကြောင်းကို Grade (10၊ 11၊ 12)တွင် ပညာသင်ကြားနေသော ကျောင်းသား/သူ စုစုပေါင်း (၂၀၀) ဦးအား အသိပညာပေးဟောပြောခဲ့ပြီး ကျောင်းသား/သူများနှင့်အတူ အပြန်အလှန်မေးမြန်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျော်စွာမိုး