ဘီးလင်း ဖေဖော်ဝါရီ ၅
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် အခြေခံပညာဦးစီးဌာနနှင့် ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောခြင်း ၊နံရံကပ်စာစောင်ပြသခြင်းများကို ယမန်နေ့ နံနက်ပိုင်းက အ.မ.က(ရွှေလှေ)တောင်ကျောင်းသို့ သွားရောက်ဆောင်ရွက်ခဲ့ကြသည်။
အသိပညာပေးဟောပြောပွဲတွင် ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ခင်ချိုဝင်းက ကျောင်းသား၊ ကျောင်းသူများအား ကျောင်းစာအပြင် ပြင်ပဗဟုသုတရရှိစေရေးနှင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရေးတို့အတွက် နယ်လှည့်အသိပညာပေးလုပ်ငန်းများ လာရောက်ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း အသိပညာပေးဟောပြောပြီး၊ ကျောင်းသား၊ ကျောင်းသူများအား ကလေးကဗျာများ၊ ရုပ်ပြပုံပြင်များ၊ ကာတွန်းစာစောင်များ စသည့် ကလေးစာပေများကို ဖတ်ရှုစေခဲ့သည်။
အဆိုပါ အသိပညာပေးလုပ်ငန်းတွင် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး၊ ကလေးအလုပ်သမားပပျောက်ရေး စသည့် အသိပညာပေးနံရံကပ်စာစောင်များကို ခင်းကျင်းပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါ၀င်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)