ကျိုက်ထို ဖေဖော်ဝါရီ ၅
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ရာသီဥတုပြောင်းလဲမှု၊ သဘာဝဘေးအန္တရာယ်နှင့် လေထုညစ်ညမ်းခြင်း၊ မီးခိုး/မြူငွေ့လျော့ချရေးဆိုင်ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးဟောပြောပွဲကို ဖေဖော်ဝါရီလ ၃ ရက်နေ့ နံနက်ပိုင်းက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါဟောပြောပွဲတွင် ကျိုက်ထိုမြို့နယ် သစ်တောဦးစီးဌာနမှ တောအုပ်ကြီး ဦးမျိုးကြည်နှင့် တောအုပ်ကြီး ဦးဘိုဟန်တို့က သစ်တောများ ပြုန်းတီးခြင်းကြောင့် နောက်ဆက်တွဲဆိုးကျိုးများ၊ ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝဘေးအန္တရာယ်အကြောင်း၊ လေထုအလွှာအကြောင်း၊ လေထုညစ်ညမ်းမှုအမျိုးအစားများ၊ တောမီးနှင့် မီးခိုးမြူငွေ့အကြောင်း၊ မီးခိုးမြူငွေ့ကြောင့် ဖြစ်ပေါ်နိုင်သည့် ဆိုးကျိုးများ၊ ပတ်ဝန်းကျင်ဆိုင်ရာ ဆိုးကျိုးများ၊ တောမီးဆိုင်ရာဆောင်ရွက်ထားရှိမှု အခြေအနေများတို့ကို ဆွေးနွေးဟောပြောရာ ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြသည်။
အလားတူ အခြေခံပညာအထက်တန်းကျောင်း(ရွှေဥဩ)ကျောင်း၌ အသိပညာပေးဟောပြောပွဲကို ဆက်လက်ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျိုက်ထို (ပြန်/ဆက်)