မင်းဘူး ဖေဖော်ဝါရီ ၅
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ ဒေသခံပြည်သူများ ပြည်သူ့စစ်မှုထမ်း ဥပဒေ၊ နည်းဥပဒေများနှင့်ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန် ပြည်သူ့စစ်မှုထမ်း နည်းဥပဒေအား ထပ်ဆင့်ရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာ အခမ်းအနားတွင် မင်းဘူးခရိုင် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင်က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ပြည်သူ့စစ်မှုထမ်းနည်းဥပဒေပါ ပြဌာန်းချက်အကြောင်းအရာများကို ဒေသခံပြည်သူများနှင့် တက်ရောက်လာကြသူများ သိရှိနားလည်စေရန် အကျယ်တဝင့်အသေးစိတ် ရှင်းလင်းဆွေးနွေး ပြောကြားသည်။
ဆက်လက်ပြီး မင်းဘူးခရိုင် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဒုတိယဥက္ကဋ္ဌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး ရဲကျော်သူက နယ်မြေတည်ငြိမ်အေးချမ်းရေး၊ နယ်မြေလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ လုပ်ငန်းကိစ္စရပ်များ၊ ပြည်သူများထင်မြင်ယူဆလွဲမှားမှုမရှိစေရန် သတင်းဦး၊ သတင်းထူး၊ သတင်မှန်များကို အချိန်မီသတင်းပေးပို့ပြီး အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်နိုင်ရေးနှင့် သတင်းတု၊ သတင်းမှားများ ပြန့်လွှင့်နေမှုအခြေအနေများကို ထည့်သွင်းပြောကြီးပြီးနောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင်က မြို့နယ်အတွင်း၌ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့အား ဖွဲ့စည်းထားရှိပြီး လုပ်ငန်းများလည်ပတ်ဆောင်ရွက်နေမှုနှင့် မကွေးတိုင်းဒေသအကြီးအစိုးရအဖွဲ့က အဆိုပါအဖွဲ့အား ဝတ်စုံနှင့်နေ့တွက်စရိတ်များ လစဉ်ပံ့ပိုးကူညီဆောင်ရွက်ပေးနေမှု အခြေအနေများကို ရှင်းလင်း ပြောကြားသည်။
ထို့နောက် တာဝန်ရှိသူများက မင်းဘူး(စကု)မြို့နယ်အတွင်း၌ ဖွဲ့စည်းထားသော ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့မှ အဖွဲ့ဝင်များအား မကွေးတိုင်းဒေသအကြီးအစိုးရအဖွဲ့က ပံ့ပိုးကူညီသောဝတ်စုံနှင့် လစဉ်နေ့တွက်စရိတ် တစ်ရက်လျှင် ငွေကျပ် ၆,၈၀၀/- နှုန်းဖြင့် ၃၁ ရက်စာကို အဖွဲ့ဝင်များထံ ပေးအပ်ခဲ့ကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)