ကသာ ဖေဖော်ဝါရီ ၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် ကျောင်းသား/ကျောင်းသူများ၊ လူငယ်လူရွယ်များ အသိပညာဗဟုသုတ တိုးပွားစေရန် ရည်ရွယ်၍ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့်ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိရာ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းများကို ဖေဖော်ဝါရီလ ၃ ရက်နေ့နံနက်(၉)နာရီခွဲအချိန်က ဘုန်းတော်ကြီးသင်ပညာရေး အလယ်တန်းကျောင်း(တောင်ပေါ်ကျောင်း)၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါအသိပညာပေးဟောပြောပွဲတွင် တောင်ပေါ်ဘုန်းတော်ကြီး ကျောင်းတိုက်ဆရာတော်ဦးဇာနုတ္တရက အဖွင့်ဩဝါဒစကားပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စောကလျာက “လူငယ်နှင့်ပြည်ထောင်စု စိတ်ဓာတ်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်အေးမော်က “ကလေးသူငယ်အခွင့်အရေးဆိုင်ရာ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်မိုးမိုးငြိမ်းက “ပလပ်စတစ်အန္တရာယ်ညစ်ညမ်းမှု”ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဟောပြော ဆွေးနွေးခဲ့ကြသည်။
ဟောပြောပွဲအပြီးတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နံရံကပ်စာစောင်နှင့် နံရံကပ်ပိုစတာများ ခင်းကျင်းပြသခဲ့ရာ ကျောင်းသား/ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ရဲလင်းထွန်း(ကသာ)