ရန်ကင်း ဖေဖော်ဝါရီ ၅
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ် ရန်ကင်းပညာရေးဒီဂရီကောလိပ်တွင် ယမန်နေ့ နံနက် ၁၁ နာရီက (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အကြို ကျောင်းတွင်းအားကစားပြိုင်ပွဲဖွင့်ပွဲကို မြတ်ပညာခန်းမ၌ ကျင်းပပြုလုပ်ရာ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။
ဖွင့်ပွဲအခမ်းအနားတွင် ရန်ကင်းပညာရေးဒီဂရီကောလိပ် ကျောင်းသား၊ ကျောင်းသူများက Fitness Dance ဖြင့် ကပြဖျော်ဖြေခဲ့ပြီး ရန်ကင်းပညာရေးဒီဂရီကောလိပ်ကျောင်းအုပ်ကြီး ဦးအောင်မြတ်စိုး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းမင်းလတ်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးလွင် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးရည်လှိုင်၊ မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးထိန်လင်းတို့က (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အကြို ကျောင်းတွင်းအားကစားပြိုင်ပွဲများကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။ ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းမင်းလတ်က အဖွင့်အမှာစကားပြောကြားရာတွင် ပညာရေးဟာ နိုင်ငံတစ်နိုင်ငံရဲ့ အရေးအပါဆုံးကဏ္ဍမှာ ရပ်တည်လျှက်ရှိကြောင်း၊ ပညာရည်ဖွံဖြိုးတိုးတက်အောင်ဆောင်ရွက်နေတဲ့ နေရာဖြစ်တဲ့အတွက် သင်ကြားရေးဆရာ၊ ဆရာမတွေအနေနဲ့လည်း ပညာရေးဆိုင်ရာ ဗလငါးတန်နဲ့ပြည့်စုံအောင် သင်ကြားပေးဖို့လိုကြောင်း၊ အာရောဂျံပရမံလာဘံကျန်းမာခြင်းသည် လာဘ်ကြီးတစ်ပါးဆိုတာကြောင့် ကျန်းမာရေးနှင့်ပညာရေးကို ပေါင်းစပ်ပြီး ကာယပညာဘာသာရပ်ကိုလည်း သင်ခန်းစာတစ်ခုအဖြစ် လက်တွေ့သင်ကြားနေတာဖြစ်ကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။
အဆိုပါအားကစားပြိုင်ပွဲများတွင် ကျောင်းတွင်းအားကစားပြိုင်ပွဲများဖြစ်သည့် ပိုက်ကျော်ခြင်းခတ်ပြိုင်ပွဲ( ကျား/ မ)၊ ဘော်လီဘောပြိုင်ပွဲ(ကျား/ မ)၊ ဘောလုံးပြိုင်ပွဲ (ကျား/ မ)၊ ပြေးခုန်ပစ်ပြိုင်ပွဲ ဆယ်မျိုး ( ကျား/ မ)၊ စားပွဲတင်တင်းနစ်ပြိုင်ပွဲ( ကျား/ မ)၊ fittness dance ပြိုင်ပွဲနှင့် လွန်ဆွဲပြိုင်ပွဲများ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ရန်ကင်းပညာရေးကောလိပ် ကျောင်းအုပ်ဆရာကြီး ဦးအောင်မြတ်စိုးထံမှ သိရသည်။
လှလှထွေး