ပေါင်းတည်၌ နွေစပါးတိုးချဲ့စိုက်ပျိုးရေးလှုံ့ဆော်ခြင်းနှင့် ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်း ကွင်းသရုပ်ပြသ

ပေါင်းတည် ဖေဖော်ဝါရီ ၅

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ နွေစပါးတိုးချဲ့စိုက်ပျိုးရေး လှုံ့ဆော်ခြင်းနှင့် ကောက်စိုက်စက်ဖြင့် ကွင်းသရုပ်ပြ လက်တွေ့စိုက်ပျိုးပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီခွဲက ကြူတောကန်ကျေးရွာအုပ်စု၊ နတ်ပုတီးကျေးရွာ၊ ကွင်းအမှတ်၁၀၉၂(ခ)၊ လယ်မြေ ၁၀ ဧကရှိ တောင်သူ ဦးမြသန်း၏ စိုက်ပျိုးမြေ၌ ကျင်းပ​ပြုလုပ်ခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမြင့်လှိုင်နှင့်အတူ မြို့နယ်နှင့် ကျေးရွာအုပ်စုစိုက်ပျိုးမှုကြီးကြပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် တောင်သူများ တက်ရောက်ကြည့်ရှုအားပေးကြသည်။

ထိုသရုပ်ပြပွဲတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးအောင်မျိုးမင်းနှင့် စက်မှုလယ်ယာဦးစီးဌာနမှူး ဦးအောင်နိုင်ဝင်းတို့က ယခုနှစ်နွေစပါးကို ကောက်စိုက်စက်၊ Drum Seeder (အစေ့ချကိရိယာ )၊ လက်စိုက်စသည့်စိုက်နည်းစနစ်သုံးမျိုးဖြင့် စိုက်ပျိုးလျက်ရှိကြောင်းနှင့် တောင်သူများ၏ လူမှုဘဝတိုးတက်ရေးနှင့် နိုင်ငံ့စီးပွားမြှင့်တင်နိုင်ရေးတို့အတွက် နွေစပါးတိုးချဲ့စိုက်ပျိုးနိုင်ရေးကို အသိပညာပေးရှင်းလင်းဆွေးနွေးခဲ့ကြပြီး ကောက်စိုက်စက်၊ လက်ဆွဲကောက်စိုက်စက်များဖြင့် နွေစပါးစိုက်ပျိုးခြင်းကို လက်တွေ့သရုပ်ပြသခဲ့ကြသည်။ ထို့နောက် တက်ရောက်လာကြသည့် တောင်သူများက သိရှိလိုသည်များကို မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးဖြေကြားခဲ့​ကြောင်း သိရသည်။

အဆိုပါ သရုပ်ပြစိုက်ခင်းတွင် မျိုးကောင်း၊ မျိုးသန့် အထွက်ကောင်း ရက် ၉၀ အောင်နိုင်တိုး စပါးမျိုးပျိုးပင်များကို စက်မှုလယ်ယာဦးစီးဌာနမှူးရုံးမှ ကောက်စိုက်စက်များဖြင့် လက်တွေ့စိုက်ပျိုးပြသခဲ့ကြောင်း သိရသည်။

ရွှေသား