မရမ်းကုန်းမြို့နယ် အ.ထ.က(၃)တွင် လူငယ်စကားဝိုင်းဆွေးနွေးပွဲကျင်းပ

မရမ်းကုန်း ဖေဖော်ဝါရီ

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် (၁၀) နာရီက ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း စိန်ပန်းမြိုင်ခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ မရမ်းကုန်းမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ထွဋ်‌အောင်က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးရဲနောင်ချစ်က လူငယ်စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

ယင်းနောက် စကားဝိုင်းဆွေးနွေးပွဲကို ကျင်းပရာ ဦးဆောင်ဆွေးနွေးသူအဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်ယဉ်ယဉ်မော်နှင့် အ.ထ.က(၃)မှ အထက်တန်းပြဆရာမ‌ ဒေါ်မြင့်မြင့်ခိုင်တို့မှ ဆောင်ရွက်ခဲ့ပြီး လူငယ်နှင့်အနာဂတ်၊ လူငယ်နှင့်အားကစား၊ လူငယ်နှင့် ကျန်းမာရေး၊ လူငယ်နှင့်နည်းပညာ၊ လူငယ်နှင့် စာရိတ္တ၊ လူငယ်နှင့်ယဉ်ကျေးမှုခေါင်းစဥ်များဖြင့် ကျောင်းသား၊ ကျောင်းသူ ၆ ဦးတို့က ဆွေးနွေးခဲ့ကြသည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများ၏ သိရှိလိုသည်များကို မေးမြန်းရာ ဆွေးနွေးသူများက ပြန်လည်ဖြေကြားပေးကြပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းသန်းဦးက ကျေးဇူးတင်စကားပြောကြား၍ တာဝန်ရှိသူများနှင့် တက်ရောက်လာကြသည့် စာရေးဆရာမများက အမှတ်တရစာအုပ်လက်ဆောင်နှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို ဆွေးနွေးပေးကြသည့် ကျောင်းသား၊ ကျောင်းသူများအား ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသော ဓာတ်ပုံ၊ နံရံကပ်စာစောင်၊ စာအုပ်ပြပွဲများကို တက်ရောက်လာကြသည့် စာပေ ချစ်မြတ်နိုးသူ Book Club အဖွဲ့ဝင်များ၊ ဆရာ ဆရာမများ၊ ကျောင်းသား၊ ကျောင်သူလေးများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)