ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်များအား ကာကွယ်ဆေးတိုက်ကျွေးခြင်းများ ဆက်လက်ဆောင်ရွက်

ကန့်ဘလူ ဖေဖော်ဝါရီ ၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၌ အသက် ၂ နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများကို ယနေ့နံနက် ၉ နာရီက မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ကာကွယ်ဆေးထိုးနှံပေးရာတွင် ကျန်းမာရေးဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်(၅)ရပ်ကွက်နှင့် အနီးဝန်းကျင်ရှိ ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်များအား အသက်အရွယ်အပိုင်းအခြားအလိုက် ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ(ဘီ)၊ ဂျပန်ဦးနှောက် အမြှေးရောင်၊ (၅)မျိုးစပ်ကာကွယ်ဆေး၊ ပိုလီယိုအကြောသေ၊ ဝက်သက်၊ ဂျိုက်သိုး၊ ပြင်းထန်အဆုတ်ရောင် ရောဂါကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများကိုလည်းကောင်း၊ ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်၊ ဆုံဆို့ ကာကွယ်ဆေးထိုးနှံပေးခြင်းများကို ကျန်းမာရေးဝန်ထမ်းများက စနစ်တကျထိုးနှံပေးခဲ့သည်။

အဆိုပါကာကွယ်ဆေး ထိုးနှံပေးခြင်းများကို ဖေဖော်ဝါရီ  ၁ ရက်မှယနေ့ထိ အသက် ၂ အောက် ကလေးငယ် ၂၆၈ ဦးနှင့် ကိုယ်ဝန်ဆောင်မိခင် ၃၁ ဦးတို့အား ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ပြန်/ဆက်)