လမ်းမတော်မြို့နယ် အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်းတွင် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အကြိုဟောပြောပွဲ၊ ပြပွဲနှင့် ပြိုင်ပွဲများ ကျင်းပ

ရန်ကုန် ဖေဖော်ဝါရီ ၅

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင် လမ်းမတော်မြို့နယ် အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်းတွင် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ ပြပွဲနှင့် ပြိုင်ပွဲများကို ယမန်နေ့နံနက် (၉) နာရီအချိန်က အ.လ.က(၁)လမ်းမတော်၊ မြမာလာခန်းမကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်တင်စိန်က အဖွင့်အမှာစကားပြောကြားပြီး၊ အမိမြေသစ္စာသတင်းစုံဂျာနယ်မှ အယ်ဒီတာချုပ် ဦးသူရဇော်က ပြည်ထောင်စုနေ့စတင်ဖြစ်ပေါ်လာသည့် ပင်လုံစာချုပ်အကြောင်း၊ ပြည်ထောင်စုစိတ်ဓာတ်အကြောင်း၊ အနာဂတ်လူငယ်များ ထိန်းသိမ်းရမည့် မြန်မာပြည်မြေပုံအကြောင်းတို့ကို ဟောပြောပြီးနောက် ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မမချိုမှ ကျေးဇူးတင်စကားပြောကြားခဲ့သည်။ ဆက်လက်ပြီး ကျပန်းစကားပြောပြိုင်ပွဲကျင်းပရာ ပြည်ထောင်စုနေ့နှင့် ပတ်သက်သည့် ခေါင်းစဥ်အသီးသီးဖြင့် အ.လ.က(၁)လမ်းမတော်ကျောင်းမှ ကျောင်းသား/ကျောင်းသူများက ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြပြီး၊ ပြိုင်ပွဲတွင်ဆုရရှိကြသော ကျောင်းသား/ကျောင်းသူများ တာဝန်ရှိသူများမှ အား ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

 ထို့နောက် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် "သတင်းစကား" လက်ကမ်း စာစောင်များကို ဖြန့်ဝေခဲ့ကြပြီး၊ ခန်းမအတွင်း ခင်းကျင်းပြသထားသော နံရံကပ်စာစောင်များနှင့် သုတ/ရသစာအုပ်စာစောင်များကို ကျောင်းသား၊ကျောင်းသူများ စိတ်ပါဝင်စားစွာ လှည့်လည်ကြည့်ရှုခဲ့ကြသည်။

အဆိုပါအခမ်းအနားကို ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံစာရေးဆရာအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ဆရာ/ဆရာများနှင့် ကျောင်းသား/သူများ (၁၅၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ကျော်ဆန်းမြင့်