မြောက်ဥက္ကလာပ ဒီဇင်ဘာ ၄
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင်ယမန်နေ့ နံနက်ပိုင်းက မြို့နယ် ကိုဗစ်-၁၉ စည်းကမ်း ထိန်းသိမ်းရေးအဖွဲ့၊ မြို့နယ်ထွေအုပ်၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်၊ မြို့နယ်ယာဉ်ထိန်းတပ်ဖွဲ့တို့ ပူးပေါင်း၍ Stay at home ကာလအတွင်း ပြည်သူများ နေအိမ်ပြင်ပသို့ မဖြစ်မနေကိစ္စများမှလွဲ၍ သွားလာခြင်းမပြုရန် ပြည်သူများ လိုက်နာစေရန်အတွက် အသိပညာပေးဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။
ထို့သို့ ဆောင်ရွက်ရာတွင် (ဌ) ရပ်ကွက် သုဓမ္မာလမ်းမကြီး၊ (၆)ကေွ့မီးပွိုင့် အနီးတွင် ဖြတ်သန်း သွားလာနေသော ယာဉ်များအား ရပ်တန့်စေပြီး နေအိမ်ပြင်ပသို့ ထွက်ခွာသည့် အကြောင်း အရာအား မေးမြန်းခြင်း၊ မိသားစု ကျန်းမာရေးနှင့် စားသောက်ရေး ဈေးဝယ်ခြင်းကိစ္စများနှင့် အရေးကြီးကိစ္စများမှ လွဲပြီး အကြောင်းမဲ့ ပြင်ပထွက်ခွာသွားလာခြင်း မပြုလုပ်ရန် အသိပေး ပြောကြား ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ကိုဗစ်-၁၉စည်းကမ်းထိန်းသိမ်းရေးအဖွဲ့မှ နှာခေါင်းစည်း Mask မတပ်ဆင်သူ (၁၉)ဦးအား ဒဏ်ငွေ (၂၀၀)ကျပ် ပေးဆောင် စေပြီး နှာခေါင်းစည်း Mask (၁)ခုပြန်လည် ပေးအပ်ခြင်း၊ Mask ကို အပြင်ထွက်တိုင်း မဖြစ်မနေ တပ်ဆင်ရန် ပညာပေး ပြောကြား ခဲ့ကြောင်း သိရသည်၊၊
မြမြဝင်း(ပြန်/ဆက်)