မော်လမြိုင် ဖေဖော်ဝါရီ ၅
နည်းပညာတက္ကသိုလ်(မော်လမြိုင်)၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ဖွင့်လှစ်သည့် ပထမနှစ်သင်တန်းသို့ တက်ရောက်ခွင့်ရရှိသည့် ကျောင်းသား/ကျောင်းသူများအား ကြိုဆိုသည့် မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါတက္ကသိုလ်ခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများနှင့်ကျောင်းသား၊ ကျောင်းသူများ တက်ရောက်သည်။
ဦးစွာ ကျောင်းသား၊ ကျောင်းသူများမှ “သိပ္ပံနှင့်နည်းပညာသီချင်း” ဖြင့် သီဆိုဖျော်ဖြေ၍ အခမ်းအနားကို ဖွင့်လှစ်ပြီး မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက မွန်ပြည်နယ်တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေနိုင်ပြီး အရည်အချင်းပြည့်ဝတဲ့ အင်ဂျင်နီယာတွေ မွေးထုတ်နိုင်ရန်ရည်ရွယ်၍ နည်းပညာတက္ကသိုလ်(မော်လမြိုင်)ကို ဖွင့်လှစ်ပေးထားခြင်း ဖြစ်ပါကြောင်း၊ ကျောင်းသူမောင်မယ်တို့သည် မိမိဒေသအတွင်း အမှန်တကယ် အသုံးချရန်လိုအပ်နေတဲ့ နည်းပညာရပ်တွေကို အကျိုးရှိရှိအသုံးချနိုင်ဖို့ ကြိုးစားအားထုတ်ဖို့လိုအပ်သလို ပြည်နယ်အတွက် အားကိုးရမယ့် အသိပညာရှင်၊ အတတ်ပညာရှင် လူတော်၊ လူကောင်းလေးတွေ ဖြစ်လာအောင် ကြိုးစားအားထုတ်ကြရန် လိုကြောင်း အမှာစကားပြောကြားခဲ့သည်။
ထို့နောက် နည်းပညာတက္ကသိုလ် (မော်လမြိုင်)မှ ဒုတိယပါမောက္ခချုပ်ဒေါက်တာမင်းဇော်အောင်က မောင်မယ်သစ်လွင် ကျောင်းသူ၊ ကျောင်းသားလေးများအား ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီး နည်းပညာတက္ကသိုလ်(မော်လမြိုင်)မှ ကျောင်းသူ၊ ကျောင်းသားလေးများမှ မွန်တိုင်းရင်းသားရိုးရာ အကများဖြင့် လည်းကောင်း၊ မွန်သင်္ကြန်ယိမ်းအကဖြင့်လည်းကောင်း ကပြဖျော်ဖြေတင်ဆက်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ကပြဖျော်ဖြေပေးခဲ့ကြသည့် ကျောင်းသူ၊ ကျောင်းသူလေးများအား ဂုဏ်ပြုဆုငွေများပေးအပ် ချီမြှင့်ခဲ့ကြောင်း သိရှိရသည်။
စည်သူ((ပြန်/ဆက်)