(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

တောင်ငူ ဖေဖော်ဝါရီ ၅

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူပညာရေးဒီဂရီကောလိပ်တွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အားကစားပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အားကစားခန်းမ၌ ကျင်းပသည်။

ဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီးဦးမျိုးအောင်က အဖွင့်အမှာစကားပြောကြားပြီး ပြိုင်ပွဲအား ဖွင့်လှစ်ပေးသည်။ ထို့နောက် စစ်ကြောင်းမှူးကဦးဆောင်၍ ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာအဓိဌာန်ရွတ်ဆိုကြပြီး လူမှုရေးရာဝန်ကြီး ဦးမျိုးအောင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဦးညီညီလွင်စိုးနှင့် တာဝန်ရှိသူများက ပြိုင်ပွဲဝင်အားကစားသမားများအား လိုက်လံနှုတ်ဆက်သည်။ ယင်းနောက် စစ်ကြောင်းမှူးက ဦးဆောင်၍ ပြိုင်ပွဲဝင်အားကစားသမားများ ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာကြပြီး ကျောင်းသားကျောင်းသူများက မြန်မာ့ရိုးရာခြင်းအလှဖြင့် သရုပ်ပြတင်ဆက်ခြင်းနှင့် Fitness Dance ဖြင့် သရုပ်ပြတင်ဆက်ကြသည်။

တောင်ငူပညာရေးဒီဂရီကောလိပ်၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အားကစားပြိုင်ပွဲများအဖြစ် ပြေးခုန်ပစ်(ကျား၊ မ)၊ ဘော်လီဘော(ကျား၊ မ)၊ ပိုက်ကျော်ခြင်း(ကျား)၊ စားပွဲတင်တင်းနစ် (ကျား၊ မ)၊ လွန်ဆွဲ(ကျား၊ မ)နှင့် ဘောလုံးအားကစား (ကျား၊ မ) ပြိုင်ပွဲများကို ဖေဖော်ဝါရီ ၄ ရက်နေ့မှ ၂၆ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ဇော်ကိုကို (တောင်ငူ)