တွံတေး ဖေဖော်ဝါရီ ၅
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်ကျိုက်သလဲကျေးရွာအုပ်စု၊ ကျိုက်သလဲကျေးရွာရှိ အားမာန်ကိုယ်ပိုင်အထက်တန်းကျောင်းတွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်(အကြို) အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နေ့လယ် ၁ နာရီအချိန်က အဆိုပါကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် အားမာန်ကိုယ်ပိုင်အထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်စန်းစန်းလွင်က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဦးသက်ဦးက ဟောပြောပွဲဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်နှင့် ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံ၊ စာပေဖတ်ရှုရခြင်း၏ အကျိုးကျေးဇူးအကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် မြန်မာနိုင်ငံစာရေးဆရာအသင်းဝင် စာရေးဆရာ ဝင်းထွဋ်ဦးက ကျောင်းသား/ ကျောင်းသူ လူငယ်များဗလငါးတန်နှင့် ပြည့်စုံစေရန်နှင့် လူငယ်များ၏ ရည်ရွယ်ချက်ရည်မှန်းချက်များထားရှိရန်၊ စိတ်ပိုင်းဆိုင်ရာနှင့် ကိုယ်လက်ကြံ့ခိုင်စေရေး အထူးအလေးထားဂရုပြုရန်၊ မြန်မာနိုင်ငံ၏ နေ့ထူးနေ့မြတ်ဖြစ်သည့် “ပြည်ထောင်စု” ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ ပြည်ထောင်စုစိတ်ဓါတ်ရှင်သန်ထက်မြက်ရေး၊ သမိုင်းဝင်ပင်လုံစာချုပ်တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသား ကိုယ်စားလှယ်များ လက်မှတ်ရေးထိုးနိုင်ခဲ့သည့် အကြောင်းအရာများကို တက်ရောက်လာကြသည့် ကျောင်းသား/ သူများအား အသိပညာဗဟုသုတရရှိစေရန် ဟောပြောခဲ့ကာ စာရေးဆရာဝင်းထွဋ်ဦးက ပြည်ထောင်စုနေ့နှင့်ပတ်သက်သော ဉာဏ်စမ်းများမေးမြန်းပြီး အဖြေမှန်သူအား စာအုပ်လက်ဆောင်ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ထို့နောက် အားမာန်ကိုယ်ပိုင်အထက်တန်းကျောင်း၊ ကျောင်းအုပ်ချုပ်သူ ဆရာဦးဇော်ဇော်အောင်က ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်(အကြို) အထက်တန်း၊ အလယ်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုများချီးမြှင့်ပေးမည်ဖြစ်ကြောင်း သိရသည်။ ယင်းနောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက နံရံကပ်စာစောင်များကိုလည်း ပြသခဲ့ရာ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများက ဗဟုသုတရရှိစေရန် ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
တွံတေးသား