ငဖဲ ဖေဖော်ဝါရီ ၅
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင်၊ ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက်ခန်းမတွင် စာဖတ်ရှိန်မြှင့်တင်ရေး Book Club အဖွဲ့နှင့် Youth Club အဖွဲ့ဝင်များ ပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီက စာရေးဆရာဖေမြင့် ရေးသားသော သင့်စိတ်သင့် အတွေးအကြံများ အတိုင်းသာ စာအုပ်ကို စာဖတ်ဝိုင်းကျင်းပဆောင်ရွက်ခဲ့သည်။ စာဖတ်ဝိုင်းတွင် ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်ယုယုသိန်းက စာဖတ်ဝိုင်းများကို လစဉ်ပုံမှန်ကျင်းပဆောင်ရွက်ရခြင်းနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ တက်ရောက်လာသည့် မြို့နယ် Book Club အဖွဲ့ဝင် ဒေါ်နှင်းနွယ်အောင်က စာရေးဆရာ ဖေမြင့် ရေးသားသော သင့်စိတ်သင့် အတွေးအကြံများအတိုင်းသာ စာအုပ်ပါ အတွေးအကြံနှင့်အကျင့်စရိုက် စာစုပါ လူတစ်ယောက်၏ဘဝကို သူ၏အကျင့်စရိုက်က ဖော်ဆောင်ဖန်တီးပြီး ထိုအကျင့်စရိုက်သည်လည်း သူ့အတွေးအကြံများ၏ စုပေါင်းရလာဒ် ပင်ဖြစ်ကြောင်း၊ လူတစ်ယောက်၏ စိတ်အာရုံ၌ မကောင်းဆိုးဝါးအတွေးအကြံများရှိပါက ဆင်းရဲ ဒုက္ခသည် နွားနောက်ကလာသည့် လှည်းဘီးပမာ မခွာတမ်းလိုက်ပါပြီး ဆိုးကျိုးများခံစားရကာ စင်ကြယ်သော အတွေးအကြံများ တည်ကြည်စွာရှိပါက ချမ်းသာသုခသည် ထိုသူ၏နောက်မှ အရိပ်ပမာ ထက်ကြပ်လိုက်ပါ၍ ကောင်းကျိုး ခံစားရမည်ဖြစ်ကြောင်းနှင့် မြို့နယ် Youth Club အဖွဲ့ဝင် မောင်အောင်ကိုကိုက ကျန်းမာရေးနှင့် ခန္ဓာကိုယ်အပေါ်တွင်လည်း စိတ်အတွေးအကြံ၏ သက်ရောက်မှုရှိကြောင်း၊ ကြောက်စိတ်၊ စိုးရိမ်ကြောင့်ကြစိတ်များသည် လူ့ခန္ဓာကိုယ်အား အင်အားကျဆင်းစေပြီး ရောဂါဘယတို့ဝင်ရန် လမ်းဖွင့်ပေးသကဲ့သို့ အခြားမသန့်ရှင်း မစင်ကြယ်သော အတွေးများသည်လည်း ထိုအတွေးများအတိုင်းသာ ခံစားရမည်ဖြစ်၍ ကြံ့ခိုင်ရွှင်လန်းပြီး သန့်ရှင်းစင်ကြယ်သောအတွေးများမှာမူ ခန္ဓာကိုယ်အား စွမ်းအားများပြည့်ဝစွာ ပေးစွမ်းနိုင်မည်ဖြစ်ကြောင်း စသည်ဖြင့် ထုတ်နှုတ်ဖတ်ကြားဆွေးနွေး၍ ကျန်ရှိသည့် အဖွဲ့ဝင်များက စာပေဗဟုသုတအမြင်ခြင်း အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
ငဖဲမြို့နယ်ရုံးအနေဖြင့် Club အဖွဲ့များနှင့် ပူးပေါင်း၍ လစဉ်ပုံမှန် စာဖတ်ဝိုင်းများနှင့် အသိပညာပေး Talk Show ဆွေးနွေးပွဲများ ကျင်းပဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မယု(ငဖဲ)