အုတ်တွင်း ဖေဖော်ဝါရီ ၅
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောခြင်းနှင့် စာသင်ကျောင်း အခြေပြုမီးဘေးလုံခြုံရေး အသိပညာပေးဟောပြောခြင်း၊ DCP မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်ခြင်းနှင့်မီးသတ်ယာဥ်ဖြင့် ရေစိုဇာတ်တိုက်လေ့ကျင့်ခြင်း လက်တွေ့သရုပ်ပြသမှုကို ယမန်နေ့နံနက်(၉)နာရီအချိန် က အ.ထ.က(အုတ်တွင်း)ကျောင်းတွင် ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ခင်မူမူဝင်းက လူငယ်ရေးရာဆိုင်ရာအသိပညာပေးဟောပြောခဲ့ပြီး မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိဦးအောင်ကျော်မြင့်က မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိသတိရှိကြစေရန်၊ မီးဘေးအန္တရာယ်ကြုံလာပါက လက်တွေ့လုပ်ဆောင်နိုင်စေရန်ရည်ရွယ်၍ ကျောင်းသား/ ကျောင်းသူများအား အသိပညာပေးဟောပြောခဲ့သည်။ ထို့နောက် မြို့နယ်မီးသတ်ဦးစီးဌာနမှ သန္ဓေတပ်ဖွဲ့ဝင်များက DCP မီးသတ်ဆေးဘူးဖြင့်မီးငြှိမ်းသတ်ခြင်းနှင့် မီးသတ်ယာဥ်ဖြင့် ရေစိုဇာတ်တိုက်လေ့ကျင့်ခြင်း လက်တွေ့သရုပ်ပြသခဲ့သည်။
အဆိုပါ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့်ပတ်သက်၍ မီးလောင်မှုဖြစ်ပွားခဲ့ပါက အရေးပေါ်မီးငြှိမ်းသတ်နိုင်ရေးအတွက် DCP မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်ခြင်းကို ဆရာ/ဆရာမကျောင်းသား/ ကျောင်းသူများက ပါဝင်သရုပ်ပြသပြီး မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာအရှိနှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ယာဥ်ဖြင့် ရေစိုဇာတ်တိုက်လေ့ကျင့်ခြင်းများ လက်တွေ့သရုပ်ပြသပေးခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။
ခင်ခင်မာ(ပြန်/ဆက်)