ငဖဲမြို့နယ်တွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အထွေထွေဗဟုသုတ ဉာဏ်စမ်းပြိုင်ပွဲ ကျင်းပ

ငဖဲ ဖေဖော်ဝါရီ ၅

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက်ခန်းမတွင် အခြေခံပညာကျောင်းများမှ ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရန်နှင့် ကာယ၊ဉာဏဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ (၇၈)နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ် အခြေခံပညာအလယ်တန်းဆင့် အထွေထွေဗဟုသုတဉာဏ်စမ်းပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီခွဲက ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ယုယုသိန်းက မြန်မာလွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းဖြစ်စဉ်များ၊ (၇၈)နှစ်မြောက်ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံ၊ ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရေးနှင့် ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စာအုပ်စာစောင်များကို လေ့လာဖတ်ရှုရန်နှင့် စာဖတ်ခြင်း၏အကျိုးကျေးဇူးများကို ဆွေးနွေးပြောကြားပြီး အထွေထွေဗဟုသုတဉာဏ်စမ်းပြိုင်ပွဲကို ဆက်လက်ကျင်းပရာ ငဖဲမြို့အခြေခံပညာအထက်တန်းကျောင်းမှ Grade-8 ကျောင်းသား/သူ (၂၅)ဦးတို့က ပါဝင်ယှဉ်ပြိုင်ကြပြီး အကောင်းဆုံးဖြေဆိုနိုင်သူ(၅)ဦးအား တာဝန်ရှိသူများက အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့်ခဲ့သည်။

ပြိုင်ပွဲအပြီးတွင် ငဖဲမြို့နယ်ပြည်သူ့စာကြည့်တိုက်တွင် ပြသထားရှိသော (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် နံရံကပ်စာစောင်၊ ပြည်ထောင်စုနေ့ဂုဏ်ပြုကဗျာများ၊  ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းကောက်နုတ်ချက်များနှင့်  မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်များကို ကျောင်းသား/သူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

မယု(ငဖဲ)