မင်္ဂလာဒုံ ဖေဖော်ဝါရီ ၅
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်တွင် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုပွဲတော်ကို ယမန်နေ့က အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း( အောင်ဆန်းသူရိယလှသောင်းကျောင်း)၌ ကျင်းပပြုလုပ်ခဲ့ကြရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးအဖွဲ့ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ နည်းပညာအကြံပေးဦးဌေးလင်း၊ ရန်ကုန်တိုင်းဒေသကြီးပညာရေးမှူး ဒေါက်တာချိုချိုမြတ်အောင်၊ ရန်ကုန်တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးဒေါ်ဥမ္မာချို၊ မင်္ဂလာဒုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကောင်းညွန့်နှင့် မင်္ဂလာဒုံမြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း (အောင်ဆန်းသူရိယလှသောင်းကျောင်း)မှ ကျောင်းအုပ်ချုပ်မှုတာဝန်ခံအရာရှိဒုတိယဗိုလ်မှူးကြီးရဲမြင့်အောင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသည့်ဧည့်သည်တော်များက စာဖတ်ရှိန်မြှင့်တင်ရေးဆိုင်ရာ ဉာဏစွမ်းရည်ပြိုင်ပွဲများ၊ စာအုပ်ပြပွဲများ၊ ဓာတ်ပုံပြပွဲများနှင့် ကျောင်းသား၊ ကျောင်းသူများတီထွင်စမ်းသပ်ထားသည့်ပြခန်းများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။
ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးစိုးသိန်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ကျောင်းစာ ကြည့်တိုက်အတွက် သုတရသစာအုပ်များနှင့်အလှူငွေများကို ပေးအပ်လှူဒါန်းရာ မင်္ဂလာဒုံမြို့နယ်ပညာရေးမှူးနှင့် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ချုပ်မှုတာဝန်ခံအရာရှိတို့က လက်ခံရယူခဲ့ကြပြီး "စာဖတ်ခြင်း၏ အကျိုးကျေးဇူး" ခေါင်းစဉ်ဖြင့်ဟောပြောမည့် အမျိုးသားစာပေဆုရှင်စာရေးဆရာကောင်းသန့်ကို အမှတ်တရဂုဏ်ပြုလက်ဆောင်နှင့် ဖျော်ဖြေရေးအဖွဲ့ဝင်များအား ဂုဏ်ပြုဆုငွေများကို ပေးအပ်ချီးမြှင့်ခဲ့ရာ စာရေးဆရာကောင်းသန့်နှင့်ဖျော်ဖြေရေး အဖွဲ့ဝင်များကလက်ခံရယူခဲ့ကြပြီး အလှူရှင်များ၏ လှူဒါန်းမှုများကို တိုင်းဒေသကြီးဝန်ကြီးများက လက်ခံရယူခဲ့ကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြကြောင်း သိရသည်။
အခမ်းအနားကို ဆက်လက်ကျင်းပရာ အမျိုးသားစာပေဆုရှင်စာရေးဆရာ ကောင်းသန့်က "စာဖတ်ခြင်း၏ အကျိုးကျေးဇူး" ခေါင်းစဉ်ဖြင့် စာပေဟောပြောခဲ့ပြီး ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသူများကိုတာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ခဲ့ကြကြောင်း သိရသည်။
ဇင်မင်းထိုက်(ပြန်ဆက်)