မင်းလှမြို့၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သဖန်းချောင်းကျေးရွာတွင် ဘက်စုံသုံးခန်းမနှင့် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကျင်းပ

အထက်မင်းလှ ဖေဖော်ဝါရီ ၅

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဘက်စုံသုံးခန်းမနှင့် ကျေးရွာတွင်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉) နာရီက သဖန်းချောင်းကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် မင်းလှမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်က အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်သင်းသင်းအေးက ခေတ်မီစံပြကျေးရွာထူထောင်ရေး လုပ်ငန်းစီမံကိန်း (SMART Village) ဖြင့် ဆောင်ရွက်သည့် လုပ်ငန်းများအား ရှင်းလင်းပြောကြားခဲ့ကာ၊‌ သဖန်းချောင်းကျေးရွာမှ ရပ်မိရပ်ဖတစ်ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။ ထို့နောက် ကျေးရွာတွင်း ကွန်းကရစ်လမ်းသစ်နှင့် ဘက်စုံသုံးခန်းမကို မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။

မင်းလှမြို့နယ် သဖန်းချောင်းကျေးရွာတွင် ဘက်စုံသုံးခန်းမ အလျား ၆၀ ပေ၊ အနံ ၃၄ ပေ၊ အမြင့် ၁၂ ပေကို ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၊ နိုင်ငံတော်ထောက်ပံ့ရန်ပုံငွေကျပ်သန်း (၁၉.၉၀)၊ ပြည်သူထည့် ဝင်ငွေကျပ်သန်း (၁၂.၆၀ ) စုစုပေါင်း (၃၂.၅၀) ကျပ်သန်း၊ ကျေးရွာတွင်းကွန်ကရစ်လမ်းခင်းခြင်း‌ ဆောင်ရွက်ရာတွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၊ နိုင်ငံတော်ရန်ပုံငွေ ကျပ်သန်း (၁၉.၀၀)၊ ပြည်သူထည့်ဝင်ငွေကျပ်သန်း (၉.၀၀) စုစုပေါင်း(၂၈.၀၀)ကျပ်သန်းဖြင့် လမ်းအရှည် (၉၅၃) ပေ၊ အကျယ် (၁၂) ပေ၊ ထု (၆) လက်မ ဆောင်ရွက်ခဲ့ခြင်းဖြစ်‌ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

ဇာဇာ(အထက်မင်းလှ)