ကျောက်ကြီး ဖေဖော်ဝါရီ ၅
ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ အောင်သုခရပ်ကွက် အခြေခံပညာမူလတန်းလွန်ကျောင်း၌ ယနေ့နံနက် ၉ နာရီက မြို့နယ်ကြက်ခြေနီအသင်း(ခွဲ)စီစဥ်မှုဖြင့် မိုင်းအန္တရာယ်အသိပညာပေး ဟောပြောပွဲပြုလုပ်ခဲ့သည်။
ဟောပြောပွဲကို အခြေခံပညာမူလတန်းလွန်ကျောင်းရှိ ကျောင်းသားကျောင်းသူများ တက်ရောက်ပြီး ရှေးဦးစွာမြို့နယ်ကြက်ခြေနီအသင်း(ခွဲ)ဥက္ကဋ္ဌ ဦးဝင်းမြင့်က ကြက်ခြေနီအကြောင်းသိကောင်းစရာများ၊ ကြက်ခြေနီတပ်ဖွဲ့သည် အခြေခံမူ(၇)ချက်ဖြင့်ရပ်တည်ပုံများ၊ ဆင်းရဲဒုက္ခနည်းပါးသက်သာစေရန်ဆိုသည့်ခေါင်းစဥ်အောက်တွင် ကျန်းမာရေးမြှင့်တင်ရန်၊ ရောဂါဘေးတားဆီးရန်၊ ဘေးအန္တရာယ်ကျရောက်မှုကို ကာကွယ်ရန်စသည့် လုပ်ငန်းစဥ်သုံးရပ်ဖြင့် ဆောင်ရွက်ကြောင်းများ အသိပညာပေးခြင်း၊ လက်ရှိဖြစ်ပွားလျက်ရှိသော ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရမည့်အချက်များကို အသိပညာပေးဟောပြောခြင်းနှင့် မိုင်းအန္တရာယ်အသိပညာပေး ဟောပြောပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူးမင်းမြတ်ဘုန်းက စစ်လက်နက်ပစ္စည်းများဖြစ်သော မြေမြှုပ်မိုင်း၊ လက်လုပ်မိုင်း၊ ကြိုးဆွဲမိုင်းတို့၏ အန္တရာယ်ကြီးမားပုံများ၊ မိုင်းအန္တရာယ်သတိပေးထားရှိတတ်ပုံများ၊ မိုင်းအားတွေ့ရှိပါက ကြိုတင်ရှောင်ရှားပြီး သက်ဆိုင်ရာအကြီးအကဲများထံသတင်းပို့ရန် ဗီနိုင်းပိုစတာများဖြင့် ပြသရှင်းလင်းပြောကြားပြီး မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များက မိုင်းအန္တရာယ်အကြောင်းသိကောင်းစရာ လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်း၊ ရုပ်ပုံစာအုပ်များ ဝေငှဖတ်ရှုစေခြင်းများပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်