လှိုင်မြို့နယ်၌ အားကစားနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

လှိုင် ဖေဖော်ဝါရီ ၅

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ် လူငယ်ရေးရာကော်မတီမှ ကြီးမှူးကျင်းပသော အားကစားနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲအခမ်းအနားကို အ.ထ.က(၂)လှိုင် သိင်္ဂါရွှေဝါခန်းမတွင် ယမန်နေ့နံနက်(၁၀)နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်စိုးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ဝေဆင့်ကျော်က ကျန်းမာရေးနှင့်ပက်သက်သည့် အကြောင်းအရာများကိုလည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးညိုထွန်းက စိတ်ဓာတ်၊ စည်းကမ်း၊ ပညာခေါင်းစဉ်ဖြင့်လည်းကောင်း မြို့နယ်အားကစားအရာရှိ ဦးမျိုးမင်းသန်းက အားကစားပြုလုပ်ရခြင်း၏ အကျိုးကျေးဇူးများကို အသိပညာပေးဟောပြောဆွေးနွေးခဲ့‌ကြောင်း သိရှိရသည်။

ဆက်လက်၍ အားကစားနှင့်ကာယပညာဦးစီးဌာန Fitness Dance အားကစားအဖွဲ့မှ သရုပ်ပြခြင်း၊ ကျောင်းအတွက် အားကစားပစ္စည်းများကို ထောက်ပံ့ပေးအပ်ခြင်းနှင့် Fitness Dance အားကစားအဖွဲ့အား ဂုဏ်ပြုဆုငွေချီးမြှင့်ပေးအပ်ခဲ့သည်။ ယနေ့အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအသီးသီးမှ အကြီးအကဲများ၊ ဆရာ /ဆရာမများနှင့် ​ကျောင်းသူ၊ ကျောင်းသား (၂၇၅) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ဇော်ဇော်နိုင် (ပြန်/ဆက်)